သံတောင်ကြီးမြို့နယ်တွင် ယမန်နေ့ တစ်ရက်တည်း စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိပြီး စစ်ဘေးရှောင်ပြည်သူများကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေ

သံတောင်ကြီးမြို့နယ်တွင် ယမန်နေ့ တစ်ရက်တည်း စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိပြီး စစ်ဘေးရှောင်ပြည်သူများကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေ
ရန်ကုန်၊ ဧပြီ ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ယမန်နေ့ တစ်ရက်တည်း စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိပြီး စစ်ဘေးရှောင်ပြည်သူများကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်ကာ ယမန်နေ့ ညပိုင်းအထိ သံတောင်းကြီးမြို့နယ်၊ ငွေတောင်အုပ်စုအတွင်းရှိ ဗဟန်းကျေးရွာ၊ ငွေတောင်ကျေးရွာနှင့် တောပုန်းအောက်ရွာများကို စစ်ကောင်စီက လေယာဉ်များဖြင့် ဆက်တိုက်ဆိုသလို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးခဲ့ရပြီး အချို့မှာ ဗုံးဒဏ်ပြင်းထန်လွန်းသဖြင့် အလောင်းပင် ရှာမရတော့ဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက် ဆုံးသွားသည်အထိ ဆိုးရွားခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။
“ဒဏ်ရာရပြီး ဆုံးသွားတာက ကလေးတွေ၊ အမျိုးသမီးတွေရောပဲ။ စစ်ဘေးရှောင်ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကျဲနေတာ။ ရွာတွေမှာလည်း ပြည်သူတွေ မနေရဲတော့ဘူး။ အကုန်ဖြစ်သလို ထွက်ပြေးနေရတယ်။ အဓိကကတော့ ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့ကတည်းက ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း၊ သာမိတိုက်အုပ်စုဖက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ။ အဲဒါကို အကြောင်းပြုပြီး သံတောင်ကြီးတစ်မြို့နယ်လုံးကို စစ်တပ်က အမှုန့်ချေနေတာ” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသော တော် လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများအပြင် ရွှေနန်းကလေးရွာရှိ စစ်တပ်၏ လက်နက်ကြီးစခန်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗဟန်းကျေးရွာနှင့် ငွေတောင်ကျေးရွာတို့တွင် နေအိမ်များ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လက်နက်ကြီး ပစ်ခတ်မှုများသည် ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ အသည်းအသန် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“မနေ့က တစ်နေ့တည်းကို ငွေတောင်အုပ်စုအတွင်းရှိ ဗဟန်းကျေးရွာနဲ့ ငွေတောင်ကျေးရွာ အပြင် တောပုန်းအောက်ရွာများကို စစ်ကောင်စီကနေ လေယာဥ်နဲ့ လာရောက်ဗုံးကျဲခဲ့တဲ့အပြင် ရွှေနန်းကလေးရွာမှာရှိတဲ့ စစ်တပ် လက်နက်ကြီးအထိုင်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ခဲ့တာကြောင့် ငွေတောင်ကျေးရွာနဲ့ဗဟန်းကျေးရွာတွင် မီးလောင်မှုများဖြစ်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကြားကနေ ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက် ပြေးတိမ်းရှောင်တာမှာ ညပိုင်းအထိ ပစ်ခတ်မှုတွေ လုပ်နေလို့ ပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားတယ်။ အရေအတွက်များနိုင်တယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသော တော်လှန်ရေးသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ဧပြီလ ၂၂ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အောင်ချမ်းသာရွာသစ်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော ခမရ ၄၁၁ ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီက လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်လာခြင်းဖြစ်သည်။
ဧပြီလ ၂၄ ရက်နေ့ကလည်း လိပ်သိုမြို့နယ်ခွဲအတွင်းရှိ ဘုံတောင်ကျေးရွာကို လေယာဉ် ၃ စီးဖြင့် ဗုံးကျဲခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် နေပြည်တော်နှင့် ကရင်ပြည်နယ်အစပ်၊ သံတောင်မြောက်ပိုင်းဒေသရှိ ကျေးရွာများကို ပေါင် ၅၀၀ ဗုံးများဖြင့် နေ့စဉ်ရက်ဆက် ဗုံးကျဲနေသည့်အပြင်၊ မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာန