နေပြည်တော်- ပဲခူး- ကရင်အစပ်တွင် တိုက်ပွဲများဖြစ်ပွား၊ စစ်အုပ်စု လေကြောင်း ဗုံးကြဲမှုများကြောင့် အရပ်သား ၁၀ ဦးထက်မနည်းနှင့် PDF နှစ်ဦး ကျဆုံး
YT
မဇ္ဈိမ။ ။ နေပြည်တော်- ပဲခူး- ကရင် နယ်စပ်မျဉ်းအနီး သံတောင်ကြီးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ၁၀ ဦးထက်မနည်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ဧပြီလ ၂၄ ရက်တွင် ဘုံတောင်ရွာအတွင်းနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။ PDF ရဲဘော်နှစ်ဦးမှာလည်း ထိုနေ့တွင်ပင် တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“နေပြည်တော်နဲ့ ပိုနီးတယ်။ ဒီဘက် ပဲခူး၊ ရေတာရှည်၊ ရေနီဘက်နဲ့လည်း နီးတယ်။ တခြား ရွာပြင်တွေ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကြဲတာ ကြဲပေါ့ မပြောပါဘူး။ အခုက ဘာလို့ ရွာထဲကြဲလဲ။ ဗုံးလည်းကြဲတယ်၊ စက်လက်နဲ့လည်း ပစ်တယ်။ ရွာထဲမှာ လူတွေနေတယ်လေ။ အခု ကျောင်းတွေ၊ အိမ်တွေ၊ ဈေးဆိုင်တွေ ပျက်စီးတယ်” ဟု KNU တပ်မဟာ (၂) နှင့် နီးစပ်သည့် သတင်းရင်းမြစ်တရပ်က ပြောသည်။
ကျဆုံးသူ PDF နှစ်ဦးအနက် တဦးမှာ အမှတ် (၈၀၇) နေပြည်တော် PDF တပ်ရင်းမှဖြစ်ပြီး စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ကင်းထောက်ဒရုန်းများဖြင့် ကင်းထောက်ပြီး လေယာဉ်ဖြင့် ဗုံးကြဲခြင်းများရှိကြောင်း သိရသည်။
“ရန်သူကနေပြီး ကင်းထောက်ဒရုန်း အသုံးပြုပြီး ပစ်မှတ်ရှာ လေယာဉ်ကြဲတာပါ။ ရဲဘော်တွေ ရွာထဲနေလို့ ကြဲတာမဟုတ်ဘဲ ပြည်သူတွေရှိရာကို သက်သက်ကို ကြဲသွားတာပါ” ဟု အမှတ် (၈၀၇) နေပြည်တော် PDF တပ်ရင်းမှ တာဝန်ရှိသူတဦးကလည်း ပြောသည်။
ဧပြီလ ၂၃ ရက်နေ့တွင် စစ်အုပ်စုတပ်က အင်အား ရာချီဖြင့် သံတောင်ကြီးမြို့နယ် မြောက်ပိုင်းရှိ ဘုံတောင်နှင့် သာစည်ကုန်းရွာ အပါအဝင် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် သံတောင်မြောက်ပိုင်းဒေသများ၌ စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့သည်။ လက်ရှိအထိလည်း စစ်ရေးအခြေအနေများ တင်းမာနေသည်ဟု ဆိုသည်။
စစ်အုပ်စုတပ်သည် ၎င်းတို့၏ နေပြည်တော် လယ်ဝေးမြို့နယ် အောင်ချမ်းသာရွာသစ်အတွင်းရှိ ခြေမြန်တပ်ရင်း ခမရ (၄၁၁) ပူးပေါင်းတပ်စခန်း ဧပြီလ ၂၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
အောင်ချမ်းသာရွာသစ်ရှိ တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ထွန်းထွန်းလင်း အပါအဝင် ၁၀ ဦးခန့် ထိခိုက်သေဆုံးကြောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိ စစ်ရေးအခြေအနေ တင်းမာနေသော ဒေသများသို့ စစ်အုပ်စုတပ်က ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဘက်ခြမ်းမှသော်လည်းကောင်း၊ သံတောင်ဘက်မှသော်လည်းကောင်း စစ်ကြောင်းထိုးလာခြင်းဟု သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#သံတောင်ကြီး
#လေကြောင်းတိုက်ခိုက်မှု
#နေပြည်တော်PDF
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews