ဓနုဖြူမြို့မစျေးကြီး မီးလောင်လို့ ဆိုင်ခန်း ၂၇၀ ကျော် မီးထဲပါသွား
ဧပြီ ၂၆ ၊ ၂၀၂၆
GG (VOM)








ဧရာဝတီတိုင်း ၊ ဓနုဖြူမြို့နယ်ရှိ ဓနုဖြူ မြို့မစျေးကြီးမှာ မီးလောင်မှုဖြစ်ပွားပြီး စျေးဆိုင်ခန်း ၂၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
ဒီကနေ့ ဧပြီ ၂၆ ရက်နေ့ ၊ မနက်အစော ၆ နာရီ ၂၅ မိနစ်လောက်မှာ ဓနုဖြူမြို့မစျေးကြီးရှိ ဆိုင်ခန်းတွေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၇ နာရီ ၅၀ မှသာ မီးငြိမ်းတာကြောင့် မီးလောင်မှုဟာ အချိန် တနာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။
“မီးက ငြိမ်းပါပြီ။ ဆိုင်ခန်း ၂၇၁ ခန်းပါသွားပါတယ်။ လုပ်ငန်းစဥ်တွေကလုပ်နေတုန်း မပြီးသေးပါဘူး ။ ” လို့ ဓနုဖြူမြို့နယ်မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းရတဲ့ အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး ။
ဓနုဖြူမြို့မစျေးကြီး မီးလောင်မှုမှာ အဝတ်အထည်တန်းကလွဲပြီး ကျန်တဲ့ စျေးဆိုင်ခန်းအားလုံးနီးပါး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိဘူးလို့ ဒေသခံဆီက သိရပါတယ်။
” စျေးဆိုင်ခန်းတော်တော်များတယ်။ရာကျော်တယ်။.စျေးအလယ်ရုံအကုန်လောင်သွားတာ။ အဲဒီထဲမှာ ဆိုင်ခန်လေးတွေက အများကြီးပဲ။ ဒီနေ့က စျေးပိတ်ရက်ဆိုတော့ မီးဘယ်လိုစလောင်သလဲ ငေချာမသိရသေး ဘူး ။ ” လို့ မျက်မြင်ဒေသခံက ပြောပါတယ်။
မီးလောင်မှုကိုတော့ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် ၁၄ စီး နဲ့အတူ ဒေသခံတွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – ကျော်သူရ / မီးသတ်