မန္တလေးမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ယာဥ်စုတ်နေရင် ဆီရောင်းမပေးဖို့ စစ်ကောင်စီ ကန့်သတ်

မန္တလေးမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ယာဥ်စုတ်နေရင် ဆီရောင်းမပေးဖို့ စစ်ကောင်စီ ကန့်သတ်
ဧပြီ-၂၆၊ ၂၀၂၆ မေရီ/People’s Spring

မန္တလေးမြို့မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ကိုယ်ထည်မကောင်းတဲ့ ယာဥ်တွေကို ဆီရောင်းမပေးဖို့ ဆီဆိုင်တွေကို စစ်ကောင်စီရဲ့ လက်ဝေခံ တိုင်းအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
စက်သုံးဆီဆိုင်တွေအနေနဲ့ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ယာဉ်ကြံ့ခိုင်မှုမပြည့်စုံတဲ့ ယာဉ်တွေကို စက်သုံးဆီရောင်းချပေးခြင်းမပြုဖို့ တိုင်းအစိုးရနေရာကိုယူထားတဲ့ စစ်ကောင်စီရဲ့ တိုင်းအုပ်ချုပ်ရေးအဖွဲ့က အမိန့်ထုတ်ပြန်ကာ ဖိအားပေးကန့်သတ်လိုက်ကြောင်း သိရပါတယ်။
​အဆိုပါ ထုတ်ပြန်ချက်အရ စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ယူမယ်ဆိုရင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားသူတွေ၊ ယာဉ်ကိုယ်ထည် ချို့ယွင်းနေတဲ့ ယာဉ်တွေ၊ ရှေ့၊ နောက်နဲ့ အချက်ပြမီးတွေ ကောင်းမွန်စွာ အလုပ်မလုပ်တဲ့ ယာဉ်တွေကို ရောင်းမပေးဖို့ ကန့်သတ်လိုက်တာပါ။
​အဲဒီကန့်သတ်ချက်တွေကို လိုက်နာခြင်းမရှိဘဲ ရောင်းချပေးနေတာကို စစ်ဆေးတွေ့ရှိရပါက ဆိုင်ပိုင်ရှင်နဲ့ တာဝန်ခံတွေကို ထိရောက်စွာ အရေးယူမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။
“ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းထားရမယ်တဲ့။ ကာဗာတွေကွဲပြီး စုတ်ပျက်နေလည်း ထည့်မပေးတော့ဘူးတဲ့။ နောက်ကြည့်မှန်တွေလည်း ပါရမယ်တဲ့”လို့ မန္တလေးမြို့က ဆိုင်ကယ်သုံးစွဲသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ ယာဥ်အမျိုးအစားအလိုက် တစ်ပတ်နှစ်ကြိမ်သာ ဆီဝယ်ယူခွင့်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် စုံမစနစ် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ခြင်းမရှိသေးတာ​ကြောင့် စက်သုံးဆီဝယ်ယူမှု အကန့်အသတ်ရှိနေကြောင်း၊ စုံမစနစ် ဖောက်ဖျက်ပြီး ထွက်လာတဲ့ယာဥ်တွေကိုလည်း အဖွဲ့စုံပူးပေါင်းအဖွဲ့က စစ်ဆေးငွေညှစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
(ပြီးခဲ့သည့် မတ်လအတွင်းက စက်သုံးဆီဝယ်ယူရန်တန်းစီနေသည့် ဆိုင်ကယ်အချို့အား တွေ့ရစဥ် ဓါတ်ပုံ-ပေးပို့)