KNLA အကူအညီဖြင့် တရုတ်ကျားဖြန့်ခေါင်းဆောင်နှစ်ဦးကို FBI ဖမ်းဆီး၊ Tai Chang ဂိုဏ်းအား ဒေါ်လာ ၁၀ သန်းဖြင့် ဆုကြေးငွေထုတ်ပြန်
24 Apr 2026 By MPA


KNLA ပေးပို့သည့် အချက်အလက်များကို အခြေခံကာ တရုတ်ကျားဖြန့် ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး Tai Chang ဂိုဏ်းအား ဒေါ်လာ ၁၀ သန်းဖြင့် ဆုကြေးငွေ ထုတ်ထားကြောင်း အမေရိကန် ပြည်သူ့ရေးရာရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
ပြည်သူ့ရေးရာရုံး (Office of Public Affairs) မှ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသား နှစ်ဦးကို တရားစွဲဆိုခြင်း၊ အမေရိကန်ဒေါ်လာ ၇၀၀ သန်းတန်ဖိုးရှိ ခရစ်ပတိုကာရင်စီ (Cryptocurrency) များကို ထိန်းချုပ်ခြင်းနှင့် Telegram ချန်နယ်တစ်ခုနှင့် လိမ်လည်သည့် ဝက်ဘ်ဆိုက် ၅၀၃ ခုကို သိမ်းဆည်းခြင်းတို့သည် နောက်ဆုံးရရှိသည့် အောင်မြင်မှုမှတ်တိုင်များ ဖြစ်သည်ဟု ဆိုထားသည်။
အမေရိကန် တရားရေးဌာနသည် အမေရိကန် ရှေ့နေ Jeanine Ferris Pirro နှင့် ရာဇ၀တ်မှုဆိုင်ရာဌာနခွဲမှ လက်ထောက်ရှေ့နေချုပ် A. Tysen Duva တို့မှတစ်ဆင့် အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံနှင့်ချီ၍ လိမ်လည်နေသော အရှေ့တောင်အာရှ အခြေစိုက် ရာဇ၀တ်ဂိုဏ်းများကို “Scam Center Strike Force” မှ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အထူးနှိမ်နင်းရေးအဖွဲ့၏ ဆောင်ရွက်ချက်များတွင် မြန်မာနိုင်ငံရှိ ခရစ်ပတို ရင်းနှီးမြှုပ်နှံမှု လိမ်လည်သည့်ဝင်းကို စီမံခန့်ခွဲပြီး ကမ္ဘောဒီးယားတွင် နောက်ထပ်ဝင်းတစ်ခု ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးအား ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခြင်း၊ ကမ္ဘောဒီးယားရှိ လိမ်လည်သည့်ဝင်းသို့ လူကုန်ကူးခံရသူများကို စုဆောင်းရာတွင် အသုံးပြုသည့် Telegram ချန်နယ်ကို သိမ်းဆည်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အတုပြုလုပ်ထားသည့် ဝက်ဘ်ဆိုက် ၅၀၃ ခုကို သိမ်းဆည်းခြင်းတို့ ပါဝင်သည်။
ထို့အပြင် အဆိုပါအဖွဲ့သည် ငွေခဝါချမှုတွင် ပါဝင်သည့် ရန်ပုံငွေများကို ဆက်လက်ဖော်ထုတ်လျက်ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိ ခရစ်ပတိုကာရင်စီများကို သိမ်းဆည်းထိန်းချုပ်ထားနိုင်ခဲ့သည်။
တစ်ဆက်တည်းမှာပင်၊ အမေရိကန် ဘဏ္ဍာရေးဌာနက ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူများကို ပိတ်ဆို့အရေးယူမှုများ ကြေညာခဲ့ပြီး၊ နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံရှိ “Tai Chang” အွန်လိုင်းလိမ်လည်မှုဝင်းနှင့် ဆက်စပ်နေသော ရန်ပုံငွေများကို သိမ်းဆည်းရမိရေးအတွက် ဆုကြေးငွေများ ပေးမည်ဟု ကြေညာခဲ့သည်။
“Pig butchering” ဟု လူသိများသော ခရစ်ပတို ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆိုင်ဘာရာဇ၀တ်မှုများထဲတွင် အလျင်မြန်ဆုံး တိုးတက်လာနေသော အမျိုးအစားဖြစ်သည်။
ဤလိမ်လည်မှုတွင် သားကောင်ဖြစ်သူကို အချိန်ယူယုံကြည်မှု တည်ဆောက်ပြီးနောက် အမြတ်အစွန်းများစွာ ရမည်ဟု လှည့်ဖျားကာ အတုပြုလုပ်ထားသော ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများသို့ ငွေထည့်ခိုင်းခြင်းဖြစ်သည်။
FBI ၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်တွင် ဤကဲ့သို့သော လိမ်လည်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၇.၂ ဘီလီယံကျော်အထိ မြင့်တက်လာခဲ့သည်။
အဆိုပါ ငွေလိမ်ဝင်း အများအပြားကို မြန်မာ-ထိုင်း နယ်စပ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အကြီးအကျယ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လူကုန်ကူးခံရသူများကို အဓမ္မစေခိုင်းကာ နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ပြီး အမေရိကန်နိုင်ငံသားများကို လိမ်လည်ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ၊ မင်းလက်ပံရှိ ရွှေတံခါး (Shunda) ဝင်း၌ ခရစ်ပတို လိမ်လည်မှုများကို စီမံခန့်ခွဲခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သူ Huang Xingshan (ခေါ်) “Ah Zhe” နှင့် Jiang Wen Jie (ခေါ်) “Jiang Nan” တို့ကို တရားစွဲဆိုခဲ့သည်။
အဆိုပါဝင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ FBI သည် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းကာ KNLA ထံမှ ရရှိသော သိမ်းဆည်းရမိသည့် ကွန်ပျူတာ ၁,၃၀၀ ကျော်နှင့် ဖုန်းထောင်ပေါင်းများစွာကို အသေးစိတ်စစ်ဆေးခဲ့ရာမှ ၎င်းတို့နှစ်ဦး၏ လိမ်လည်မှုမှတ်တမ်းများနှင့် အကျဉ်းသားများကို နှိပ်စက်ခဲ့သည့် အထောက်အထားများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးကို ထိုင်းနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး KNLA ၏ ထိရောက်သော နယ်မြေရှင်းလင်းမှုကြောင့်သာ FBI အနေဖြင့် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိခဲ့ခြင်းဖြစ်သည်။
Strike Force သည် Followers ၆,၀၀၀ ကျော်ရှိသော Telegram ချန်နယ်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် သိမ်းဆည်းခဲ့သည်။
အဆိုပါချန်နယ်သည် ကမ္ဘောဒီးယားတွင် လခကောင်းသော အလုပ်ရမည်ဟု လိမ်လည်ကာ လူစုဆောင်းပြီးနောက် အမေရိကန် ဘဏ်ဝန်ထမ်းများ သို့မဟုတ် နယူးယောက်ရဲတပ်ဖွဲ့ (NYPD) အယောင်ဆောင်ကာ ငွေလိမ်ခိုင်းသည့် လုပ်ငန်းများအတွက် အသုံးပြုခြင်းဖြစ်သည်။
ထို့အပြင် “Operation Level Up” စီမံချက်ဖြင့် အမေရိကန်နိုင်ငံသားများကို လိမ်လည်ရာတွင် အသုံးပြုသည့် ဝက်ဘ်ဆိုက် ၅၀၃ ခုကိုလည်း ပိတ်သိမ်းနိုင်ခဲ့သည်။ ဤစီမံချက်ကြောင့် သားကောင်ဖြစ်လုနီးပါးဖြစ်နေသည့် လူပေါင်း ၈,၉၀၀ ကျော်ကို သတိပေးနိုင်ခဲ့ပြီး ဒေါ်လာ ၅၆၂ သန်းကျော် ဆုံးရှုံးမည့်ဘေးမှ ကာကွယ်ပေးနိုင်ခဲ့သည်။
ကမ္ဘောဒီးယားနှင့် မြန်မာရှိ ဂိုဏ်းများကို အရေးယူရာတွင် ဘဏ္ဍာရေးဌာန (Treasury) က ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် Kok An၊ စီးပွားရေးသမား Rithy Raksmei နှင့် ၎င်းတို့၏ ကုမ္ပဏီများကို ပိတ်ဆို့အရေးယူခဲ့ပြီး နိုင်ငံခြားရေးဌာန (State) ကလည်း မြန်မာနိုင်ငံရှိ Tai Chang ငွေလိမ်ဝင်းနှင့် ဆက်စပ်သော သတင်းပေးသူများကို ဆုကြေးငွေ ဒေါ်လာ ၁၀ သန်းအထိ ပေးမည်ဟု ကြေညာခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့် ဤအွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ လိမ်လည်မှုကို ခံခဲ့ရပါက FBI ၏ အင်တာနက် ရာဇ၀တ်မှု တိုင်ကြားရေးဌာန (ic3.gov) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#MPA #News #FBI