ကိုရင်ကို ရိုက်နှက်ခဲ့တဲ့ ဘုန်းကြီး ထောင် ၂ နှစ်ချမှတ်ခံရ
ဧပြီ ၂၄ ၊ ၂၀၂၆
CC (VOM)

ကိုရင်ကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဆရာတော် ဦးတေဇကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ဧပြီ ၂၄ ရက်နေ့၊ မနက်ပိုင်းမှာ မြိတ်မြို့နယ် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဆရာတော် အရှင်သုန္ဒက မိန့် ပါတယ် ။
” ဒီနေ့ စီရင်ချက်ချတာပါ။သူတို့ စပြီးဖမ်းတယ် ။ညှိနှိုင်းတယ်။ အားလုံး အကုန်လုံး သံဃနာယကနဲ့ လုပ်ကြတယ်။ လူဝတ်လဲတယ် ။အမှုရင်ဆိုင်တယ်။ တရားရုံးက ဒီနေ့ ဆုံးဖြတ်ချက်ချတယ်။ အဓိက ကျူးလွန်သူကလည်းဝန်ခံတယ်။ပြစ်မှုကလည်း ထင်ရှားတယ်။ အများသူငါနဲ့ သက်ဆိုင်တဲ့ကိစ္စလည်း ဖြစ်တယ်။ ဦးစားပေးရမယ့်ကိစ္စဖြစ်တယ်။ ဥပမာ လွန်ခဲ့တဲ့လက မှော်ဘီမှာ အမျိုးသမီးကို ခေါင်းဖြတ်ပြီး လမ်းပေါ်ခေါင်းကြီးယူလာတဲ့ အမှုဆိုလည်း ချက်ခြင်းစီရင်ချက်ချတယ်။ ပြောချင်တာက တရားလိုနဲ့ တရားခံ နှစ်ဦးနှစ်ဘက် ပဲသိနေတဲ့ အမှုတွေက ရက်ချိန်းတွေနဲ့ရမန်တွေနဲ့ စစ်ဆေးတာ အကြာကြီးဖြစ်တာက သူကအစဥ်လိုက်သွားတဲ့ ရုံးလုပ်ငန်းဆိုတော့ ကြန့်ကြာတာပေါ့။ ဒီလို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်သွားပြီး အများပြည်သူငါနဲ့ သက်ဆိုင်သွားတဲ့ အမှုကြတော့ မြန်မြန်ဆန်ဆဆန်ဦးစားပေးဆုံးဖြတ်ပေးရတယ်။မလုပ်ပေးလို့ မရဘူး ။ မလုပ်ပေးရင် လူထုရဲ့အုံကြွမှု လူထုရဲ့မကျေနပ်မှုတွေ ရှိတဲ့အတွက် ဒီလိုကိစ္စမျိုးက အမြန်ဆုံး ချပေးရတယ်။ ” လို့ ဆရာတော် အရှင်သုန္ဒက မိန့်ပါတယ်။
ဦးတေဇကို ဧပြီ ၂၂ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးပြီး ဧပြီ ၂၃ ရက်မှာ လူဝတ်လဲကာ ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်အရေးယူခဲ့ပြီး ဒီကနေ့ ဧပြီ ၂၄ မှာတော့ တရားရုံးက ထောင်ဒဏ် အမိန့်ချမှတ် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ကိုရင်လေးကို ပြင်းထန်စွာ ရိုက်နှက်နေတဲ့ ရုပ်သံဖိုင်ကတော့ ဧပြီ ၂၁ ရက်နေ့က လူမှုကွန်ယက်မှာ ပျံ့နှံခဲ့လာတာဖြစ်ပြီး အဲဒီနောက်မှာ ရဟန်း သံဃာနဲ့ ပြည်သူလူထုအကြား ဝေဖန်မှုတွေထွက်ပေါ်ခဲ့ကာ ရိုက်နှက်ခဲ့တဲ့ ဆရာတော်ကို ထိရောက်တဲ့အရေးယူမှုပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ။
လက်ရှိမှာ ကိုရင်လေးရိုက်နှက်ခံရတဲ့ ရုပ်သံဖိုင်ကို ရိုက်ကူးခဲ့တဲ့ အမျိုးသမီးကို ရိုက်ကူးခဲ့တဲ့အတွက်ဆိုပြီး ခြိမ်းခြောက်မှုရှိနေသလို
ရုပ်သံဖိုင်ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့တဲ့ ဦးဇင်းမှာလည်း ခြိမ်းခြောက်ခံရတဲ့အတွက် လူဝတ်လဲပြီး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
#Voiceofmyanmar #VOM #မြိတ် #ကျောင်းထိုင်ဆရာတော်ဦးတေဇ #ကိုရင်လေး #ရိုက်နှက် #ထောင်ဒဏ်နှစ်နှစ်ချမှတ်