နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာဘေးကင်းဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော
ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်



စစ်တပ်က အာဏာလုယူခဲ့ပြီးနောက် မတရားအကျဉ်းချထိန်းချုပ်ခံထားရသော နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပြီး ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ပြောကြားလိုက်သည်ဟု ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်က ယနေ့ ဧပြီ ၂၄ ရက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က နေပြည်တော်တွင် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် နှင့် ထိုင်းဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဆီဟာဆက် ဖောင်ကေတု (Sihasak Phuangketkeow) တို့ တွေ့ဆုံစဉ် စစ်အုပ်စုဘက်က အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှစ၍ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများကို မေးမြန်းရာတွင် “ဒေါ်အောင်ဆန်းစုကြည် သည် ကောင်းမွန်သော စောင့်ရှောက်မှုများ ရရှိနေပြီး ဘေးကင်းလုံခြုံစွာ ရှိနေကြောင်းနှင့် သူမအတွက် ကောင်းမွန်သော အစီ အစဉ်များ လုပ်ဆောင်ပေးရန် စဉ်းစားနေကြောင်း” စစ်အုပ်စု ခေါင်းဆောင်ပိုင်းက တုံ့ပြန်ခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
“ဒါဟာ အပြုသဘောဆောင်တဲ့ အချက်ပြမှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု မစ္စတာ ဆီဟာဆက်က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် လိုအပ်ပါက ကြားဝင်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်း ထားသော်လည်း ယင်းမှာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေး အတွက် ပံ့ပိုးကူညီခြင်းသာ ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပွဲတွေအတွက် နေရာပေးနိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကိုတော့ မြန်မာပြည်သူတွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်အောက်တွင် လက်တွေ့ကျသော တိုးတက်မှုများ ရှိလာရန် လိုအပ်ကြောင်းနှင့် ထိုသို့ဖြစ်လာပါက ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တိုက်ပွဲများကြောင့် ဖြစ်ပေါ် နေသည့် တင်းမာမှုများကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ၎င်းက ဖြည့်စွက်ပြောဆို ခဲ့သည်။
လက်ရှိတွင် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါနှင့် ဥရောပသမဂ္ဂ (EU) တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် စစ်အုပ်စုကို ထပ်မံတိုက်တွန်း တောင်းဆိုထားကြသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ကိုးကား-ဘန်ကောက်ပိုစ့်
#ဒေါ်အောင်ဆန်းစုကြည် #ကျန်းမာရေး #ထိုင်းနိုင်ငံခြားရေးဝန်ကြီး #ရွေးတုသမ္မတ #မင်းအောင်လှိုင် #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times