နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ခမရ ၄၁၁ ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက် ခိုက် သိမ်းပိုက်၊ ဗိုလ်မှူး ထွန်းထွန်းလင်း အပါအဝင် စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဧပြီ ၂၃





နေပြည်တော်၊ လယ်ဝေးမြို့နယ် အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းအတွင်းထိုင်ချ တပ်စွဲထားသော ခမရ ၄၁၁ ပူးပေါင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ဗိုလ်မှူး ထွန်းထွန်းလင်း အပါအဝင် စစ် သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သံတောင်မြောက်ပိုင်း စစ်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ အောင်ချမ်းသာရွာသစ်ဘုန်းကြီးကျောင်းအတွင်း စခန်းထိုင်တပ်ဆွဲထားသော ခမရ ၄၁၁ ပူးပေါင်းတပ်စခန်းကို KNU/KNLA တပ်မဟာ ၂ ၊ KNDO တပ်ရင်း ၄ တပ်ခွဲ ၃ အထူးတပ်ရင်း KNLA တပ်ခွဲ ၁ ၊ KNDF တပ်ရင်း ၂၉ နှင့် အခြားမဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲမှာ နံနက် ၅ နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ကာ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မူး ထွန်းထွန်းလင်း အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးကာ ကျန်ရှိနေသော စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်သား အလောင်းများနှင့် MA အမျိုးအစား ၄ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဗိုလ်မှူး ထွန်းထွန်းလင်းကို အသေပစ်ခတ်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး သန်းညိမ်း နှင့်လက်ကျန် စစ်သားများသည် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
“အဲ့စခန်းက အရေးပါတာကတော့ ကရင်ပြည်နယ်နဲ့ နေပြည်တော် နယ်စပ်စခန်းဆိုတော့ နေပြည်တော်အကာစခန်းလို့ပြောလို့ရတယ်။ အင်အား၄၀လောက်တော့ရှိတယ်။ မနက်ပိုင်းကင်းလှည့်ထွက်တဲ့အချိန်နောက်ကျန်တဲ့စခန်းကို ဝင်သိမ်းတာ အဲဒီတိုက်ခိုက်မှုမှာ စစ်ခွေး ၁၀ ကောင်ထက်မနည်းသေဆုံးတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကတော့ တပ်ဆုတ်ပြေးသွားတယ်။ ဗိုလ်မှူး ထွန်းထွန်းလင်းကို အသေပစ်ခတ်နိုင်ခဲ့တယ်။ ဒုဗိုလ်မှူးကြီး သန်းညိမ်းနဲ့ လက်ကျန် စစ်ခွေးတွေက ဒဏ်ရာတွေနဲ့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်” ဟု သံတောင်မြောက်ပိုင်း စစ်ရေးတာဝန်ခံကပြောဆိုသည်။
ဆက်လက်၍ သံတောင်မြောက်ပိုင်းနယ်မြေများကို အကြမ်းဖက် စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။