ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြော

ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြော
ရန်ကုန်၊ ဧပြီ ၂၃
အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်း ဆောင် ဒေါ်အောင်ဆနးစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က​ ပြောဆိုသည်။
ယမန်နေ့ နေပြည်တော်တွင် အကြမ်းဖက် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြထားသည်။
နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် “ကောင်း မွန်သော အရာများ” ကို စဉ်းစားဆောင်ရွက်ပေးနေကြောင်း မြန်မာစစ်ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ (ဧပြီလ ၂၂ ရက်) တွင် ထုတ်ဖော်ပြောဆိုသည်။
နေပြည်တော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် (Sihasak Phuangketkeow) တို့က အသက် ၈၀ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအပါအဝင် နေမှုထိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်အား “ကောင်းမွန်စွာ စောင့်ရှောက်ထားသည်” ဟု မင်းအောင်လှိုင်က အသိပေးခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားက ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် စိုးရိမ်မကင်းဖြစ်နေမှုကို ထိုင်းဝန်ကြီးက တင်ပြခဲ့ရာတွင် “၎င်းတို့အနေဖြင့် (ဒေါ်အောင်ဆန်းစုကြည်အတွက်) ကောင်းမွန်သောအရာများကို စဉ်းစားနေကြောင်း၊ ထို့ ကြောင့် ၎င်းသည် ကောင်းမွန်သော အစီအစဉ်တစ်ခု ဖြစ်လာနိုင်ကြောင်း” စစ်ခေါင်းဆောင်က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် မည်ကဲ့သို့သော အစီအစဉ်မျိုး ဖြစ်သည်ကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ် (၂၇) နှစ်အနက် ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့သည်။ ယင်းလွတ် ငြိမ်းချမ်းသာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမှုတွဲဖြစ်သည့် သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာမူ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့အတွင်းမှ ၅ နှစ်ကြာ ဘေးဖယ်ထားခြင်း ခံခဲ့ရသည်။ လက်ရှိတွင် စစ်တပ်ကျောထောက်နောက်ခံပြု လွှတ်တော်က မင်းအောင် လှိုင်အား သမ္မတတုအဖြစ် ရွေးချယ်တင်မြှောက်ထားပြီးနောက် မြန်မာနိုင်ငံက အာဆီယံနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းနေသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်နှင့် အာဆီယံနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံက ကူညီရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
“စစ်ကောင်စီက ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းသို့ ဦးတည်နေတယ်ဆိုတာကို ပြသဖို့ ကြိုးစားနေတယ်။ ကျနော်တို့အနေနဲ့ သူတို့ကို အာဆီယံဆီ ပြန်လာစေချင်တယ်။ ကူညီပေးချင်တယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် အပြောင်းအလဲတွေ မလုပ်ရင်တော့ ကျနော်တို့လည်း ကူညီလို့ မရပါဘူး” ဟု ဝန်ကြီး ဆီဟာဆက်က မှတ်ချက်ပြုခဲ့သည်။
မြန်မာစစ်တပ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံသည့်သတင်းကို ဖော်ပြခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ဆွေးနွေးချက်များကိုမူ ထည့်သွင်းဖော်ပြခြင်း မရှိပေ။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။