တအာင်းရွာအဝင် ဆိုင်းဘုတ်များ MNDAA တရုတ်စာပြောင်း
ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၂၆




ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထံမှ သိမ်းပိုက်ထားသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် တအာင်းကျေးရွာ ဆိုင်းဘုတ်များအား သင်္ကြန်ကာလအတွင်း၌ တရုတ်စာပြောင်းလဲ ရေးသားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
MNDAA တိုက်နယ်မှူး အဆင့်ရှိသူမှ ကာလိုင်ကျေးရွာသူကြီးကို စေခိုင်းကာ တအာင်းကျေးရွာ ဆိုင်းဘုတ်များရှိ စိမ်း ဖြူ စိမ်း အရောင် တအာင်းအမျိုးသားအလံ ဆေးရောင်များ၊ တအာင်းစာများအား ဖျက်စေပြီး အဖြူရောင်သုတ်၍ တရုတ်စာ ပြောင်းလဲရေးသားသွားကြောင်း မျက်မြင်တွေ့ရှိသူဒေသခံတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “MNDAA က တရုတ်စာ လိုက်ရေးခိုင်းတာ။ ကျေးရွာကော်မတီတွေနဲ့ တိုင်ပင်တာလည်း မရှိဘူး။ ရွာတွေကို သူတို့ (MNDAA) ပိုင်သွားပြီ လုပ်ချင်တာ လုပ်တော့မယ်ဆိုတဲ့ သဘောပေါ့။ ခဏတဖြုတ်လေး သိမ်းပိုက်လိုက်တာကို ရိုးရာဓလေ့တွေ ဖျက်ဆီးလိုက်တာတော့ စိတ်နာတာပေါ့ ဘာမှ မတတ်နိုင်ဘူး” ဟု ဆိုသည်။
ကျေးရွာဆိုင်းဘုတ်များ ပြောင်းလဲရေးသားလိုက်သည့်အပေါ် MNDAA မှ ရွာကော်မတီများနှင့် တွေ့ဆုံဆွေးနွေး တိုင်ပင်မှုမရှိသောကြောင့် ရွာခံများသွားလာလှုပ်ရှားရေး စိုးရိမ်နေရကြောင်း ထိုဒေသခံက ဆက်ပြောသည်။
တရုတ်စာ ပြောင်းလဲရေးသားခံရသော ရွာများမှာ ကွတ်ခိုင်မြို့ အနီးဝန်းကျင်ရှိ ပန်ဆေး၊ မန်မောဝ်၊ ကုန်းချမ်း၊ ဟိုနောင်၊ နမ့်လတ်၊ တုံဆင်ကြီး၊ မန်တုံ၊ ပန်ကူ၊ ပန်လော့၊ ဟိုဆိုင်၊ လုံကိန်နှင့် အစရှိသည့် ကျေးရွာများအပြင် ထပ်တိုး၍ ရှိနိုင်ကြောင်း သိရသည်။
အလားတူ ကွတ်ခိုင်မြို့ပေါ်နှင့် ကျေးရွာတို့တွင် ယခင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) က ဖွင့်လှစ်ထားသည့် စာသင်ကျောင်းပေါင်း ၃၀၀ ကျော်အား MNDAA မှ ပြန်လည် ဖွင့်ခွင့်မပြုတော့သလို တရုတ်စာ မသင်မနေရ စနစ်ဖြင့် လုပ်ဆောင်သွားရန် ပြင်ဆင်နေသည်။
ကွတ်ခိုင်ကို MNDAA သိမ်းပြီးနောက် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲ၌ လူမျိုးတိုင်း၏ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို လေးစားသမှုရှိကာ ခွဲခြားဆက်ဆံခြင်းနှင့် လူမျိုးရေးအရ နှိမ်ချခြင်းများ လုံးဝခွင့်ပြုမည် မဟုတ်ဘဲ တိုင်းရင်းသားအားလုံး တန်းတူညီမျှသော အခွင့်အရေးများ ခံစားပိုင်ခွင့်ရရှိစေမည်ဟု မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဖွဲ့အစည်း ၆ ခုနှင့် ဖွဲ့စည်းထားသည့် တအာင်း အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) မှ တအာင်းရွာအဝင် ဆိုင်းဘုတ်များ တရုတ်စာပြောင်းလဲ ရေးသားခံရမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အလားတူလုပ်ရပ်များ ရပ်တန့်ပေးရန်လိုကြောင်း ဧရာဝတီကို ပြောသည်။
TCSN ပြောရေးဆိုခွင့်ရှိသူ မိုင်းကာန်ဟာဝ်က “ဒီလိုလုပ်ခြင်းက လူမျိုး တမျိုးရဲ့ ဝိသေသန လက္ခဏာတွေကို ဖျက်ဆီး ပစ်တာနဲ့ တူတူပဲ။ လူ့အခွင့်အရေး စံနှုန်းနဲ့ နိုင်ငံတကာ စံနှုန်းတွေကို ကျူးလွန်ချိုးဖောက်ရာ ရောက်တယ်။ ဖယ်ဒရယ် အခြေခံမူဖြစ်တဲ့ လူမျိုးပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကိုလည်း ဖောက်ဖျက်ပြီး ပဋိပက္ခကို ပိုမိုကြီးထွားအောင် ဖန်တီးတဲ့ လုပ်ရပ်သာ ဖြစ်တယ်။ ဆိုင်းဘုတ်တွေကို မူလ တအာင်းစာအလံ သင်္ကေတ ပြန်လုပ်ပေးဖို့ ရွာခံတွေကို ပြန်လည် ဝန်ချတောင်းပန်ဖို့ လိုပါလိမ့်မယ်” ဟု ဆိုသည်။
ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းကျေးရွာများရှိ ရွာဆိုင်းဘုတ်များ၌ တအာင်းအမျိုးသားအလံ၊ စာပေအား ဆေးရောင်ခြယ်၍ ရေးသားထားသည်မှာ ဆယ်စုနှစ်ချီကြာပြီဖြစ်သော်လည်း စစ်တပ်အပါအဝင် အခြားလက်နက်ကိုင်များမှ တစုံတရာ ပိတ်ပင်တားဆီးခြင်း မရှိခဲ့ဖူးကြောင်း ဒေသခံတို့က ဆိုသည်။
TNLA နှင့် MNDAA တို့ ဆွေးနွေးပွဲအတွင်း ကွတ်ခိုင်မြို့နှင့် ဆက်စပ်ဒေသများမှ တအာင်းလူထုအား ကာကွယ်ပေးရန်၊ တအာင်းလူမျိုး ဝိသေသ လက္ခဏာများ၊ ယဉ်ကျေးမှုများကို စောင့်ရှောက်ပေးရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာဝတီကို မတ်၂၁ ရက်တွင် ဖြေကြားထားသည်။
ထို့အတူ ရှမ်းစော်ဘွားများ တည်ဆောက်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် သိန္နီမြို့အား MNDAA ထိန်းချုပ်ပြီးနောက် မြို့အနှံ့ တရုတ်စာပေနှင့် ယဉ်ကျေးမှုများ ဖုံးလွှမ်းသွားသလို သိန္နီနှင့် MNDAA ထိန်းချုပ်နယ်မြေများတွင်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ နေရာအနှံ့ ပျံ့နှံ့လာကြောင်း ဒေသခံများထံက သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup