နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အထူးအရေးကြီးဟု ဖိလစ်ပိုင်နိုင်ငံက တောင်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အထူးအရေးကြီးဟု ဖိလစ်ပိုင်နိုင်ငံက တောင်းဆို
ရန်ကုန်၊ ဧပြီ ၂၀
လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် အထူးအရေးကြီးကြောင်း ဖိလစ်ပိုင်နိုင်ငံက ယမန်နေ့ ကြေညာချက်ထုတ်ပြန်၍ ထပ်မံတိုက်တွန်းတောင်းဆိုလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံ၏ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ် ပေးခဲ့ခြင်းနှင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း ဖော်ပြထားသည်။
ယခုဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံတွင် ယုံကြည်မှုတည်ဆောက်ရန်နှင့် အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲများဖြစ်ပေါ် လာရန်အတွက် “အပြုသဘောဆောင်သည့် ခြေလှမ်း” တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက အသိအမှတ်ပြုထားသည်။
သို့သော်လည်း အမျိုးသားအဆင့် ဆွေးနွေးပွဲများကို အပြည့်အဝ ရှေ့ဆက်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အလွန်အရေးကြီးကြောင်း မှတ်ချက်ပြုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ၊ အထူး သဖြင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများကို ပြန်လွှတ်ပေးရန်မှာ အထူးပင်အရေးကြီးကြောင်း ဖိလစ်ပိုင်နိုင်ငံက ထပ်လောင်းပြောကြားလိုပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ်ရှိသော အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက် အလွန်အရေးပါသည်” ဟု ရေးသားထားသည်။
ထို့အပြင် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မြန်မာနိုင်ငံက ဦးဆောင်သည့် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာစေရန်အတွက် စေတနာရှေ့ထားသည့် လုပ်ဆောင်ချက်များနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများ ထပ်မံရှိလာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့သည် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုအတွင်း မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။