ပြန်လည်လွတ်မြောက်လာသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံတော်အကြီးအကဲ အဖြစ် ဆက်လက်စာရင်းသွင်း
🟥နိုင်ငံတကာပါလီမန်များအဖွဲ့-IPUကလည်း CRPH ကို မြန်မာနိုင်ငံ၏လွှတ် တော်အဖြစ် ဆက်လက်အသိအမှတ်ပြုဟု ဆုံးဖြတ်
ရန်ကုန်၊ ဧပြီ ၂၀
အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးထားမှုမှ ပြန်လည် လွတ်မြောက်လာသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက နိုင်ငံတော်အကြီးအကဲ အဖြစ် ဆက်လက်စာရင်းသွင်းအသိအမှတ်ပြုကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံများအကြီးအကဲစာရင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဧပြီလ ၁၇ ရက်နေ့ အထိ နောက်ဆုံး ပြုပြင်ပြောင်းလဲ Update လုပ်ထားသော ကုလသမဂ္ဂ၏ နိုင်ငံအကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံတော်၏ သမ္မတကြီးအဖြစ် ဦးဝင်းမြင့်ကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း ဆက်လက် အသိအမှတ်ပြု ဖော်ပြထားခြင်းဖြစ်သည်။
အလားတူ ပင် နိုင်ငံတကာပါလီမန်များအဖွဲ့-IPUကလည်း ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ- CRPH ကို မြန်မာနိုင်ငံ၏ လွှတ်တော်အဖြစ် တရားဝင် ဆက်လက်အသိအမှတ်ပြုသည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ကျင်းပခဲ့သည့် ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ပို၍ တရားဝင်မှုရှိသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့်အချိန်နှင့် မြန်မာပြည်သူ များ၏ ဆန္ဒများကို ၎င်းတို့၏ အဖွဲ့အစည်းများတွင် ပြည့်ပြည့်ဝဝ ကိုယ်စားပြုနိုင်သည့်အချိန်အထိ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် အမှုဆောင်ကော်မတီ၏ အကြံပြုချက်ကို အမှုဆောင်ကောင်စီအစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်စဉ် ရှိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများကို ဖျက်သိမ်းခဲ့ခြင်းကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ရကြောင်း၊ ယင်းရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှမှုရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထိုအချိန်ကတည်းက IPU အနေဖြင့် မြန်မာပြည်သူတို့၏ ကိုယ်စားပြုကော်မတီနှင့်သာ ထိတွေ့ဆက်ဆံသွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်းကာလတွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ သို့သော် ယင်းရွေးကောက်ပွဲများကို အိမ်နီးချင်း အာဆီယံကပင် အသိအမှတ်မပြုထားပါကြောင်း IPU ၏ အထွေထွေအတွင်းရေးမှူးချုပ်က ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး တင်ပြရာတွင် ထည့်သွင်းပြောကြားသည်။
အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲဖြင့် ဖန်တီးထားသော အတုအယောင် လွှတ် တော်ပေါ်ပေါက်ပြီးချိန်တွင်ပင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူတို့အား ကိုယ်စားပြုသည့် တရားဝင် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆက်လက်အသိအမှတ်ပြုခံရခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ထုတ်ဖော်ခဲ့ကြသည့် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒကြောင့်သာ ဖြစ်ကြောင်း CRPH က တရားဝင်သတင်းထုတ်ပြတ်သည်။
ယခုအသိအမှတ်ပြုမှုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် အင်အားစုများနှင့် ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုခြင်းပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာလွှတ်တော်အသိုက်အဝန်း၏ အသိအမှတ်ပြုမှုကို ဆက်လက်ရရှိနေခြင်းကြောင့် ပြည်သူလူထု၏ အသံများကို ကမ္ဘာ့စင်မြင့်များတွင် ထုတ်ဖော်ပြောကြားခွင့် ရနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယခုအသိ အမှတ် ပြုမှုသည် မြန်မာပြည်သူများအား ဆက်လက်ဖိနှိပ်အုပ်ချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင်လွှတ်တော်ဖန်တီးပြီး ပြည်သူ့ဆင့်လွှဲအာဏာအား ဖျက်ဆီးရန်နှင့် တရားမဝင်စစ်အုပ်ချုပ်ရေးအား တရားဝင်မှုရရှိရန် ကြိုးပမ်းနေမှုကို တားဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း CRPH က ဆိုသည်။
၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ယုံကြည်အားကိုးစွာ ဆင့်လွှဲအာဏာ အပ်နှင်းထားခံရသူများဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက သိမ်းယူထားသည့် ပြည်သူ့အာဏာအား ပြည်သူလူထုထံ ပြန်လည်အပ်နှင်းနိုင်ရေး ကြိုးပမ်းနေကြသူများ ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် စစ်မှန်သော လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုတို့ တန်းတူညီမျှခံစားနိုင်ရေးတို့ကို အာမခံသည့် ခိုင်မာသည့် နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပြည်သူ့ဆန္ဒကို အစဉ်အမြဲ ဦးထိပ်ပန်လျက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ထုတ်ပြန် အသိပေးထားသည်။