အကြမ်းဖက် မင်းအောင်လှိုင် အသွင်ပြောင်းပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဧပြီလ ၂၂ ရက်နေ့ နေပြည်တော်သို့ လာမည်
ရန်ကုန်၊ ဧပြီ ၁၈
အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းစိတ်ကြိုက် ဖန်တီးထားသည့် ရွေးကောက်ပွဲအတုမှတစ်ဆင့် သမ္မတအဖြစ် ရာထူးတက်ယူကာ အရပ်သားအစိုးရအဖြစ် ဟန်ပြအသွင်ပြောင်းလိုက်ပြီးနောက်၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် လာမည့်အပတ်တွင် နေပြည်တော်သို့ လာရောက်မည်ဟု ထိုင်းသတင်းများအရ သိရှိရသည်။
အဆိုပါ ခရီးစဉ်သည် စစ်တပ်ကျောထောက်နောက်ခံပြု အသွင်ပြောင်း မင်းအောင်လှိုင် အုပ်ချုပ်ရေးအဖွဲ့ သစ်နှင့် ဆက်ဆံရေးခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန်နှင့် ၎င်း၏အသွင်ပြောင်းအဖွဲ့ကို အသိအမှတ်ပြုမှုရရှိရန်အတွက် သင်္ကြန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်အချို့ကို လျှော့ပေါ့ပေးခြင်းနှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အကျဉ်းသားအချို့ကို လွှတ်ပေးခြင်းစသည့် နိုင်ငံရေးလှည့်ကွက်များကို အသုံးပြုလာခြင်းဖြစ်သည်။
သို့သော်လည်း လက်တွေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်ရှိနေသေးသည့် ပြစ်ဒဏ်များကြောင့် အကျဉ်းထောင်အတွင်း ဆက်လက်ရှိနေဦးမည်ဖြစ်ရာ ဤလုပ်ရပ်မှာ ဟန်ပြသက်သက်သာ ဖြစ် ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
အာဆီယံအဖွဲ့ကြီးအနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်ကောင်စီခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်သလို၊ မင်းအောင်လှိုင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များကိုလည်း အသိအမှတ်ပြုခြင်း မရှိသေးပေ။
သို့သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်က မင်းအောင်လှိုင် အသွင်ပြောင်းပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်သည့်အာဆီယံခေါင်းဆောင် ဖြစ်လာမည်ဖြစ်ရာ၊ ၎င်း၏ခရီးစဉ်သည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန် ကြိုးပမ်းနေသည့် အသွင်ပြောင်း မင်းအောင်လှိုင်နှင့်အဖွဲ့ကို ထိုင်းနိုင်ငံက တရားဝင်အသိအမှတ်ပြုလိုက်ခြင်း ဖြစ်နိုင်သည်ဟု ရှုမြင်ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။