ရွှေကျင်တိုက်ပွဲအတွင်း ရန်ကုန်တပ်ရင်းက ရဲဘော် ၅ဦး ကျဆုံး
ဧပြီ ၁၈၊၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန် (၅၁၀၂)တပ်ရင်း၊ တပ်ခွဲ (၁)မှာ ချေမှုန်းရေးတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဝေဠု ၊ တပ်ရင်းတပ်ထောက်ဌာနမှာ တပ်ထောက်တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ဖိုးသား၊တပ်ခွဲ (၂) မှာ ချေမှုန်းရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်အဖိုးကြီး တပ်ခွဲ ( ၂)မှာ ချေမှုန်းရေး တာဝန်ထမ်းဆောင် နေတဲ့ ရဲဘော်တာတေကြီးနဲ့ တပ်ခွဲ(၂)မှာ ချေမှုန်းရေး တာဝန်ထမ်းဆောင် နေတဲ့ ရဲဘော်ဆန်းကြီးတို့ဟာ ဧပြီ ၁၂ ရက်မှာ ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။
“ မနက်ပိုင်းမှာ ၂ ဦးကျဆုံးပြီး ညနေပိုင်းမှာ ၂ ဦးထပ်ကျဆုံးပါတယ်။ တစ်ဦးကတော့ဆေးရုံရောက်ပါတယ်။ဆရာဝန်တွေလည်းအဝော်ကလေးကြိုးစားပေးခဲ့ကြပေမယ့် စိတ်မကောင်းစွာနဲ့ပဲကျဆုံးသွားပါတယ် “ လို့ ရန်ကုန် (၅၁၀၂)တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရွှေကျင်မြို့နယ်က စစ်တပ်ရဲ့ လက်ယက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပြီးနောက် ဆက်လက် ဖြစ်ပွါးနေတဲ့တိုက်ပွဲအတွင်းမှာ ရဲဘော်တွေ ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ဦးဟာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲထဲမှာ တော်လှန်ရေးက ပေးအပ်ထားတဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ သူရဲကောင်းအာဇာနည်တွေအဖြစ် ဦးညွှတ်ဂုဏ်ပြုတယ်လို့ ရန်ကုန် (၅၁၀၂)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဧပြီ ၇ ရက်မှာ ရွှေကျင်မြို့နယ်က စစ်တပ်ရဲ့လက်ယက်စခန်း (ပွိုင့် ၁၂၈စခန်း) ကိုတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
လက်ယက်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်က သေဆုံးရုပ်အလောင်း ၈လောင်း နဲ့ထိခိုက်ဒဏ်ရာရသူ ၃၀ ရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ထုတ်ပြန်ထားပါတယ်။
လက်ယက်စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်းတွေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့ပူးပေါင်းသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
(ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ နာရေးမြင်ကွင်း။ ဓာတ်ပုံ – ရန်ကုန် (၅၁၀၂) တပ်ရင်း)