ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်း
ဧပြီ-၁၁၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring


မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီအင်အား ၃၀ကျော်နဲ့တပ်စွဲထားတဲ့ ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က ကင်ပွန်းခြုံကျေးရွာဂိတ်စခန်းကို ဧပြီ ၁၀ရက် မနေ့ မနက် ၅နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲက ၂နာရီခွဲခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူ အများ အပြား ရှိခဲ့တယ်လို့ CDF – Asho ကထုတ်ပြန်ထားပါတယ်။ MA – 1တစ်လက်၊ ကာဘိုင်နှစ်လက်နဲ့ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။
CDF – Ashoနဲ့အတူ လူ့ဘောင်သစ်တပ်မတော်(NSA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA – Magway)၊ မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်း စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာလည်း မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝဦးသေဆုံးတယ်လို့ CDF-Ashoက သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကိုလည်း
အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့အတူ CDF_Ashoလည်း ပါဝင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေပါတယ်။
(စီးနင်းတိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့။ ဓာတ်ပုံ – CDF-Asho