တပ်မွေးနေ့ ဂုဏ်ပြုတဲ့အဖွဲ့တိုင်း စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေ အချိန်တိုအတွင်းအောင်မြင်ပါစေဟု AA ဆုတောင်းပေး
ဧပြီ-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာရက္ခတပ်တော်(AA) ဖွဲ့စည်းခြင်း (၁၇)နှစ်မြောက်နေ့ အခမ်းအနားသဝဏ်လွှာနဲ့ နှုတ်ခွန်းဆက်စကား အသီးသီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းအားလုံးကို အာရက္ခပြည်သူလူထုကိုယ်စား ကျေးဇူးတင်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အချိန်တိုအတွင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ AA တပ်မွေးနေ့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နဲ့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဂုဏ်ပြုသဝဏ်လွှာများအပြင် အဖွဲ့အစည်းကို ချစ်ခင်တန်ဖိုးထားကြတဲ့ လူပုဂ္ဂိုလ်အချို့က နှုတ်ခွန်းဆက်စကား ဂုဏ်ပြုစကားများ လက်ခံရရှိတယ်လို့ AAက အသိပေးထားပါတယ်။
AA ရဲ့ တပ်မွေးနေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ AA ရဲ့ ရက္ခိုင်ဒေသမှာကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုများ ရရှိထားမှုကို ဖော်ပြထားပြီး တော်လှန်ရေးခရီးကြမ်းမှာ အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ AA တပ်ဖွဲ့ဝင်တွေ အာရက္ခပြည်သူတွေကို လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။
စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ထုတ်ရေး အာရက္ခတပ်တော် အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
AA တပ်မွေးနေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(အထူးလှုပ်ရှားတပ်မ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိချင်းကာကွယ်ရေးတပ်၊ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်၊ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၊ ဧရာ၀တီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ၊ ချင်းညီနောင်၊ 96 Soldiers-PDF၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ၊ ယောကာကွယ်ရေးတပ်၊ပြည်သူ့လွတ်လပ်ရေးအဖွဲ တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာ၀တီတိုင်းစစ်ဌာန၊ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၊ Generation Z Army ၊ CDF အရှို၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ၊ ပြည်သူ့တော်လှန်ရေးတပ်၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြစ်၀ကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့၊ ပြည်သူ့ညီညွတ်ရေးတပ်ဦး၊ ရောဘင်ဟုမစ်ဆိုင်းအဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်တော်၊ ဗမာပြည်ကာကွယ်ရေးတပ်၊ ယောတပ်တော်၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဧရာ၀တီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ကာကွယ်ရေးဝန်ကြီး၊ ဗမာ့တပ်တော် စတဲ့ တော်လှန်ရေးတပ်တွေက AAရဲ့ တပ်မွေးနေ့သို ဂုဏ်ပြု သဝဏ်လွှာ ပေးပိုခဲ့ကြပါတယ်။
(ဂွမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ AAရဲဘော်တွေ။ ဓာတ်ပုံ – AA)