မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှု အင်ဒိုနီးရှား လက်ခံ
■အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်နဲ့ တိုင်
ကြားတဲ့ အမှုတစ်ခုကို အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ်လက်ခံတာဖြစ်
ဧပြီ-၆၊ ၂၀၂၆။ People’s Spring
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားစွဲဆိုထားတဲ့အမှုကို အင်ဒိုနီးရှားတရားရုံးက ဒီနေ့ ဧပြီ ၆ရက်မှာ လက်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုမှာ ရှင်ကျန်ရစ်သူနဲ့ အင်ဒိုနီးရှားရဲ့လူသိထင်ရှားပုဂ္ဂိုလ် ၁၀ဦးတို့ စွဲဆိုတဲ့အမှုကို အင်ဒိုနီးရှားတရာရုံးက နိုင်ငံရဲ့ ရာဇသတ်ကြီးဥပဒေသစ်အရ ရာဇဝတ်မှုအဖြစ် တရားဝင်လက်ခံလိုက်တာလို့ မြန်မာနိုင်ငံတာဝန်ခံမှုရှိရေးအဖွဲ့(MAP)အပါအဝင် အဖွဲ့အစည်း ၃ ခုက ပူးတွဲထုတ်ပြန်ပါတယ်။ စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ကနေ ၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် တင်
မြှောက်အပြီး ၃ရက်အကြာမှာ ဒေသတွင်း နိုင်ငံတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှု ကြီးလေးတဲ့ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။
ဒါအပြင် ဒါဟာ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) နဲ့ တိုင်ကြားထားတဲ့ အမှုတစ်ခုကို အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင် လက်ခံလိုက်တာဖြစ်တယ်ပါတယ် ။
“တရားမျှတနဲ့ တာဝန်ခံမှုရှိရေးကို ကာလရှည်ကြာတောင်းဆိုနေခဲ့ကြတဲ့ ရိုဟင်ဂျာပြည်သူအားလုံးအတွက် မှတ်တိုင်တစ်ခုအဖြစ် ဒီသမိုင်းဝင် ဖြစ်
ထွန်းတိုးတက်မှုကို ကျွန်မ ဝမ်းပန်းတသာကြိုဆိုပါတယ်”လို့ လူမျိုးတုံးသတ်ဖြတ်မှုကနေ ရှင်ကျန်ရစ်သူ Yasmin Ullah က ပြောပါတယ်။
ရိုဟင်ဂျာတွေကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ နိုင်ငံတဝန်းမှာ တခြားသော ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကြိုးကိုင်ဖန်တီးခဲ့သူ(မင်းအောင်လှိုင်)ကို သူကျူးလွန်ခဲ့တဲ့ စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေအတွက် အကျိုးဆက်တွေကို မရင်ဆိုင်ရဘဲ သမ္မတနန်းတော်ထဲမှာ သက်သောင့်သက်သာ ထိုင်နေခွင့် မပြုနိုင်ကြောင်းလည်း Yasmin Ullah က ပြောပါတယ်။
တရားစွဲဆိုမှုပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံရှေ့နေချုပ်ဟောင်း မစ္စတာမာဇူကီဒါရုစ်မန်ကလည်း အင်ဒိုနီးရှားအာဏာပိုင်တွေအနေနဲ့ မင်းအောင်လှိုင်ကို တရားဥပဒေရှေ့မှောက် ပို့ဆောင်နိုင်ရေးအတွက် ပထမခြေလှမ်းအဖြစ် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့ တာဝန်ရှိနေပြီး မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျူးလွန်သူတွေ ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ဖို့ အားကောင်းတဲ့အချက်ပေးမှုကို ပြသရမှာဖြစ်
ကြောင်း အထက်ပါရှေ့နေချုပ်ဟောင်းက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လက်ရှိဒေသတွင်း အာဆီယံမှာ တီမောလက်စ်တေ(အရှေ့တီမော)နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ကြီးလေးရာဇဝတ်မှုတွေ ကျူးလွန်မှု၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတို့နဲ့ တရားစွဲဆိုခံထားရပြီး အဲဒီနိုင်ငံတွေကလည်း အမှုကို လက်ခံဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဂျင်တီးနားတရားရုံးကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ထာားသလို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က တောင်းဆိုထားတာ ရှိပါတယ်။
(အာဏာသိမ်း ခေါင်းဆောင်မင်းအောင်လှိုင်။
ဓါတ်ပုံ-AFP)