နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ချိန် စိတ်သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မီးလောင်ရာလေပင့် တိုက်ပွဲများ ဖော်ဆောင်ဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြောဆိုပြန်

နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ချိန် စိတ်သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မီးလောင်ရာလေပင့် တိုက်ပွဲများ ဖော်ဆောင်ဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြောဆိုပြန်

ရန်ကုန်၊ ဧပြီ ၆

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ထားချိန် စိတ်သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မီးလောင်ရာလေပင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်း ဝန်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကို ဂုဏ်ပြုပွဲမှာ အကြမ်းဖက် မင်းအောင်လှိုင်က အဲဒီလို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မှုနဲ့ မဲခိုးမှု ရှိခဲ့လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံကို တာဝန်ယူခဲ့တာက အားလုံးသိတဲ့ အမှန်တရားဖြစ်တယ်လို့ သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်ကာလ သတ်မှတ်ပြီး စိန်ခေါ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်နေရချိန်မှာ တောမီးလောင် တောင်ကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို့ စိတ်သဘောထား မမှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့က မီးလောင်ရာ လေပင့် တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သဘာ၀ဘေးအန္တရာယ်တွေကြောင့် နိုင်ငံမှာ ပျက်စီးမှုတွေ အများကြီးကြုံပြီး အခြေခံ အဆောက်အအုံအများအပြားလည်း ပျက်စီးသွားခဲ့ရကြောင်း၊ နိုင်ငံ့စီးပွားရေးလည်း ကျဆင်းခဲ့ရကြောင်း၊ သူရဲ့ ဦးဆောင်မှုအောက်မှာ တဝန်ထမ်းဆောင်ခဲ့ကြလို့ နိုင်ငံကို အန္တရာယ် ရန်စွယ် ကျရောက်မယ့် ဘေးက ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

၅ နှစ်တာကာလအတွင်း တချို့ အကြီးအကဲတွေနဲ့ ခေါင်းဆောင်မှု တာဝန်ယူထားသူတချို့က တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်ပျက်ကွက်တာ၊ ပေါ့ဆမှုနဲ့ လုပ်ဆောင်မှု လွဲမှားတာတွေကြောင့် လက်တွဲဖြုတ်ရတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

မကြာခင်မှာ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ထံကို အာဏာလွှဲပြောင်းပေးတော့မှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသွားပါတယ်။

အမှန်တကယ်တော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မင်းအောင်လှိုင်ဖြစ်ပြီး အစိုးရသစ်မှာ သမ္မတရာထူး အတင်းအကျပ် ရယူထားသူကလည်း မင်းအောင်လှိုင်သာ ဖြစ်ပေမယ့်လည်း မင်းအောင်လှိုင်ကတော့ စစ်တပ်ကနေ အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးတော့မယ်လို့ တဖွဖွ ပြောဆိုနေတာလည်းဖြစ်ပါတယ်