အဓမ္မစစ်မှုထမ်းအပတ်စဉ် (၁) မှ လူငယ် ၅,၀၀၀ ကျော် အနက် ၂၀၀ ကျော်သာ နေရပ်ပြန်နိုင်၊ ၄,၉၀၀ ကျော် ပျောက်ဆုံးနေ

အဓမ္မစစ်မှုထမ်းအပတ်စဉ် (၁) မှ လူငယ် ၅,၀၀၀ ကျော်
အနက် ၂၀၀ ကျော်သာ နေရပ်ပြန်နိုင်၊
၄,၉၀၀ ကျော် ပျောက်ဆုံးနေ
AAMIJ / ဧပြီ ၅

စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးကာ ရှေ့တန်းစစ်မျက်နှာပြင်များသို့ အတင်းအဓမ္မစေလွှတ်ခဲ့သည့် စစ်မှုထမ်းအပတ်စဉ် (၁) မှ တပ်သားသစ် ၅,၀၀၀ ကျော်အနက် ၂၀၀ ကျော်သာ နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီး ကျန်လူငယ် ၄,၉၀၀ ကျော်မှာ ပျောက်ဆုံးနေကြောင်း စစ်တပ်ဖက်ကသတင်းတွေအရသိရပါတယ်။
စစ်တပ်ထောက်ခံသူများထံမှာလာတဲ့ သတင်းများအရ အဓမ္မစစ်မှုထမ်းအပတ်စဉ် (၁) တွင် တပ်သားသစ်စုစုပေါင်း ၅,၁၅၅ ဦးရှိခဲ့သော်လည်း လက်ရှိတွင် နေရပ်သို့ပြန်နိုင်သူမှာ ၂၄၆ ဦးခန့်သာ ရှိခဲ့သည်။ ထို့ကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ် ၄,၉၀၉ ဦးမှာ စာရင်းပျောက်ဆုံးနေခြင်းဖြစ်သည်။
အယောက်၁၀၀မှာ ၉၅ယောက်ကပျောက်ဆုံးနေတာဖြစ်တဲ့အတွက် ရာခိုင်နှုန်းအရ ၉၅ရာခိုင်နှုန်းမှာပျောက်ဆုံးနေတာဖြစ်ပါတယ်။
အဆိုပါ ပျောက်ဆုံးနေသည့် လူငယ် ၄,၉၀၀ ကျော်သည် တိုက်ပွဲပြင်းထန်ရာ ရှေ့တန်းစစ်မျက်နှာပြင်များတွင် သေဆုံးသွားခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းမျိုး ဖြစ်နိုင်ခြေရှိနေသည့်အတွက် မိသားစုဝင်များအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
ထို့အပြင် နေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် တပ်သား ၂၄၆ ဦးကိုလည်း စစ်ကောင်စီဘက်မှ တစ်ဦးလျှင် မြန်မာကျပ်ငွေ တစ်သိန်းစီသာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရှိ လူငယ်များကို ပေါ်တာဆွဲခြင်းနှင့် နည်းမျိုးစုံဖြင့် အဓမ္မဖမ်းဆီးကာ စစ်သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မျက်နှာပြင်များသို့ လူသားဒိုင်းသဖွယ် အသုံးပြုရန် စေလွှတ်လျက်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြဝေဖန်ထားပါတယ်။
#aamij #WhatsHappeningInMyanmar