နှစ်ပတ်သုံးပတ်အတွင်း အီရန်စစ်ပွဲကို အမေရိကန် စွန့်ခွာတော့မယ်လို့ ထရမ့်ပြော
သဘောတူညီမှု တစ်ခုခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ထပ် နှစ်ပတ်၊ သုံးပတ်လောက် အကြာမှာ အမေရိကန်ဟာ လက်ရှိ စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ အီရန်ကို စွန့်ခွာမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်မှာ ဘာမှ ဆက်လုပ်စရာ မရှိတော့တဲ့အခါ အမေရိကန်ကလည်း ထွက်ခွာသွားမှာ ဖြစ်တယ်လို့ ထရမ့်က မတ်လ ၃၁ ရက်နေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်မှုနဲ့အတူ စတင်လာခဲ့တဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ ရေနံစျေးတွေ မြင့်တက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ အဲဒီအတွက် သူလုပ်ဖို့လိုတာက အီရန်ကနေ အမေရိကန် ပြန်ထွက်ခွာစေဖို့သာ ဖြစ်ကြောင်း၊ ဒီကိစ္စကိုလည်း သိပ်မကြာခင် လုပ်မှာဖြစ်ကြောင်း၊ အဲဒီအခါ စျေးတွေက ဂျွမ်းထိုးမှောက်ခုံ ပြန်ကျလာမှာဖြစ်ကြောင်း ထရမ့်က ပြန်ဖြေခဲ့ပါတယ်။
အီရန်မှာ ကြာညောင်းတဲ့ စစ်ဆင်ရေးမျိုး ဆင်နွှဲခြင်းက စွမ်းအင်စျေးကွက်အပေါ် ကြီးမားတဲ့ ထိခိုက်သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေကြောင့် ထရမ့်အတွက်လည်း ဖိအားတွေ ရှိနေပါတယ်။ ထရမ့်က အမေရိကန်နဲ့ အီရန်တို့ဟာ နောက်ကွယ်မှာ ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး သဘောတူညီမှု တစ်ခုခု ရမယ်ဆိုရင်တော့ စစ်ပွဲလည်း မြန်မြန်ပြီးလိမ့်မယ်လို့ ပြောပါတယ်။
အီရန်က သဘောတူညီမှု တစ်ခုခုကို ရချင်နေတာကြောင့် အဲဒီကိစ္စ အထမြောက်လာဖို့ ဖြစ်နိုင်ခြေ ရှိကြောင်း၊ သူ့ထက်တောင်မှ သဘောတူညီမှု တစ်ခုကို အီရန်က လိုလားနေကြောင်းလည်း ထရမ့်က ဆိုပါတယ်။
အမေရိကန် အတွက်ကတော့ အီရန်မှာ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ နျူကလီးယား လက်နက်တွေ တည်ဆောက်ရေး စွမ်းရည်ကို အပြီးတိုင် ဖျက်ဆီးဖို့ ဆိုတာကို အထမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဒီတော့ စစ်ဆင်ရေးတွေကို လက်စသတ်လို့ ရနေပြီဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့ပါတယ်။ အီရန် ခေါင်းဆောင်တွေက သဘောတူညီမှု တစ်ခုခု ရဖို့ အသည်းအသန် တောင်းဆိုနေတယ်လို့ သူက ပြောပေမယ့် တကယ်လို့ သဘောတူညီမှု မရဘူး ဆိုရင်လည်းပဲ စစ်ပွဲက ရပ်ဆိုင်းသွားနိုင်ခြေ ရှိနေကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန်က တိုက်ခိုက်လို့ အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ထားလိုက်တာ ဖြစ်ပေမယ့် အဲဒီ ရေလမ်းကြောင်း ပြန်ဖွင့်ရေး အတွက်ကိုတော့ တခြားနိုင်ငံတွေက ကိုယ့်ကိစ္စ ကိုယ်ရှင်းကြရမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြင်သစ်၊ ဒါမှမဟုတ် တခြားနိုင်ငံ တစ်ခုခုက ရေနံနဲ့ ဓာတ်ငွေ့တွေ လိုချင်တယ်ဆိုရင် ဟောမုဇ် ရေလက်ကြားကို ဖြတ်ပြီး သယ်ယူရမှာ ဖြစ်ကြောင်း၊ အဲဒီနိုင်ငံတွေက ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိနေကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။
အီရန်အစိုးရကတော့ သူတို့သတ်မှတ်တဲ့ ဥပဒေသစ်တွေကို လေးစားလိုက်နာတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဟောမုဇ် ရေလက်ကြား ဖြတ်သန်းဖို့ ပြန်လည် ခွင့်ပြုပေးမယ်လို့ ပြောထားပါတယ်။ အီရန်ဟာ ကမ္ဘာ့ရေနံနဲ့ဓာတ်ငွေ့ တင်ပို့မှုမှာ အရေးအပါဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို စစ်ပွဲစတင်ပြီး မကြာခင်မှာပဲ ပိတ်ချထားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Getty
#ထရမ့်
#အီရန်စစ်ပွဲ