မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံသူ Kelley Eckels-Currie ကိုအတည်ပြု ခန့်အပ်ပြီ

ရန်ကုန်၊ ဧပြီ ၁
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (UN Special Rapporteur) အဖြစ် အမေရိကန်နိုင်ငံသူ ကယ်လီ အက်ခဲစ်-ကားရီ (Kelley Eckels-Currie) ကို ခန့်အပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသော ၆၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် အဆိုပါခန့်အပ်မှုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Kelley Eckels-Currie သည် မြန်မာ့အရေးနှင့် ပတ်သက်၍ အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်ပြီး ယခင်ကလည်း အမေရိကန်အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ရိုဟင်ဂျာအရေးနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများတွင် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတကာစင်မြင့်တွင် တစိုက်မတ်မတ် တောင်းဆိုလာခဲ့သူလည်း ဖြစ်ပါသည်။
ယခုအခါ ၎င်းသည် သက်တမ်းကုန်ဆုံးတော့မည့် လက်ရှိအထူးကိုယ်စားလှယ် မစ္စတာ တွမ်အန်ဒရူးစ် (Tom Andrews) ၏ နေရာတွင် ဆက်ခံတာဝန်ယူရမည် ဖြစ်သည်။
အထူးကိုယ်စားလှယ်သစ်အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်လေ့လာရန်၊ အစီရင်ခံစာများ တင်ပြရန်နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှု ရရှိစေမည့် နိုင်ငံတကာ လှုပ်ရှားမှုများကို ဦးဆောင်ရန် တာဝန်ရှိမည် ဖြစ်သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အပါအဝင် မြန်မာ့အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း Kelley Eckels-Currie ကို မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်မှုကို ဝမ်းမြောက်စွာ ကြိုဆိုကြပြီး ၎င်း၏ ဦး ဆောင်မှုအောက် တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက် လူ့အခွင့်အရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းများ ပိုမိုအားကောင်းလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားထားကြပါသည်။
သံအမတ်ကြီး Mrs. Kelley Anne Eckels-Currie သည် နိုင်ငံခြားရေးမူဝါဒ နယ်ပယ်တွင် ဆယ်စုနှစ် သုံးခုကြာ အတွေ့အကြုံရှိသူဖြစ်ပြီး အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသရှိ လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူး ပြု ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
သံအမတ်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အတွေ့အကြုံများအဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Project 2049 Institute တွင် Senior Fellow အဖြစ် တာဝန်ယူစဉ် “Burma Transition Initiative” ကို စတင်တည်ထောင်ပြီး ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင် စီ (ECOSOC) ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ်ကြီးအဖြစ်လည်းကောင်း (၂၀၂၀-၂၀၂၁) တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
သူမ၏ ပညာအရည်အချင်းအနေဖြင့် Georgetown University Law Center မှ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေဖြင့် ဥပဒေပါရဂူဘွဲ့ (Juris Doctor) ရရှိထားသူ ဖြစ်သည်ဟု သိရှိရသည်။
လက်ရှိတွင် Atlantic Council ၏ Senior Fellow အဖြစ်လည်းကောင်း၊ National Endowment for Democracy ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ယူထားပြီး Geopolitical advisory firm တစ်ခုဖြစ်သည့် Kilo Alpha Strategies ၏ တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။