■ အကြမ်းဖက် စစ်တပ် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စတင်ယူ

■ အကြမ်းဖက် စစ်တပ် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စတင်ယူ
Western News| မတ် ၃၀

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ ဆင်းသွားပြီးနောက် အကြမ်းဖက် စစ်ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ယနေ့ မတ်လ ၃၀ ရက်တွင် တာဝန် စတင်ရယူကြောင်း သိရသည်။
အကြမ်းဖက် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ရာထူး လွှဲပြောင်းမှု အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့ကြသည်။
မင်းအောင်လှိုင်က ရဲဝင်းဦး ထံ ရာထူးလွှဲပြောင်းပေးချိန် အဆောင်အယောင် ရွှေဓါးနှင့် စစ်ရုံး၏ အလံ၊ တံဆိပ်တို့ကို လွှဲပြောင်းပေးကာ အကြမ်းဖက် စစ်ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့အပ်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်၏ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဖြစ်ပြီး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးမှာ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဖြစ်လာသည်။
မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်သစ်) ဖြစ်လာသော ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ ဗိုလ်သင်တန်း OTS အပတ်စဉ် ၇၇ ဆင်းဖြစ်ပြီး မင်းအောင်လှိုင်၏ လူယုံတစ်ဦးလည်းဖြစ်သည်။
မြန်မာစစ်တပ်၏ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ဒုတပ်ချုပ်) ဖြစ်လာသော ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မှာ စစ်တက္ကသိုလ် DSA အပတ်စဉ် ၃၈ ဆင်း ဖြစ်ပြီး မင်းအောင်လှိုင်၏ လူယုံတစ်ဦး ဖြစ်သည်။
ယနေ့ မတ်လ ၃၀ ရက်တွင် နေပြည်တော်ရှိ လွှတ်တော် အသီးသီး၌ ဒုသမ္မတအတွက် အမည်စာရင်းတင်သွင်း ရွေးချယ်မှုကို ပြုလုပ်နေကြောင်း သိရသည်။
နောက်ဆုံး အချက်အလက်အရ ဒုသမ္မတအတွက် ပြည်သူ့လွှတ်တော်မှ ၂ ဦးနှင့် အမျိုးသားလွှတ်တော်မှ ၂ ဦးကို အမည်စာရင်း တင်သွင်းထားကြပြီး မဲအများဆုံး ရရှိသူမှသာ ဒုသမ္မတအဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။
ပြည်သူ့တော်လွှတ်တော်တွင် ကြံ့ဖွံ့ USDP ပါတီက မင်းအောင်လှိုင်ကို တင်သွင်းခဲ့ပြီး တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) မှ ဒေါက်တာ ကျော်ဆွေ ကို တင်သွင်းခဲ့သည်။
ပြည်သူ့လွှတ်တော်မှ ဒုသမ္မတ တစ်ဦးသာ ရွေးချယ်မည်ဖြစ်၍ ယခု အမည်စာရင်း တင်သွင်းမှု နှစ်ခုဖြစ်နေသောကြောင့် မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့် ဒေါက်တာ ကျော်ဆွေတို့မှာ မဲအများဆုံး ရရှိသူသာ ဒုသမ္မတ အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။
အလားတူ အမျိုးသားလွှတ်တော်တွင်လည်း ကြံ့ဖွံ့ USDP ပါတီက ဒေါ်နန်းနီနီအေးကို ဒုသမ္မတအဖြစ် တင်သွင်းခဲ့ပြီး တိုင်းရင်းသားကိုယ်စားလှယ်များဘက်မှ ဒေါက်တာ တူးဂျာ ကို တင်သွင်းခဲ့သည်။
အမျိုးသားလွှတ်တော်မှ ဒုသမ္မတ တစ်ဦးသာ ရွေးချယ်မည်ဖြစ်၍ ယခု အမည်စာရင်းတင်သွင်းမှု နှစ်ခုဖြစ်နေသောကြောင့် မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာ တူးဂျာ တို့မှာ မဲအများဆုံး ရရှိသူသာ ဒုသမ္မတ အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။
အနှစ်ချုပ်မှာ ပြည်သူ့လွှတ်တော်က ဒုသမ္မတနေရာကို မင်းအောင်လှိုင်နှင့် ဒေါက်တာ ကျော်ဆွေ တို့ကို တင်သွင်းထားပြီး အမျိုးသားလွှတ်တော် က ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာ တူးဂျာ တို့ကို တင်သွင်းထားခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့က ဒုသမ္မတ တစ်ဦးစီ ထွက်ပေါ်လာမည်ဖြစ်ပြီး မြန်မာစစ်တပ်ထဲက ဒုသမ္မတ တစ်ဦး ပေါ်ထွက်လာမည်ဖြစ်ကာ ယင်းဒုသမ္မတ ၃ ဦးထဲကမှ သမ္မတ ကို ရွေးချယ်သွားကြမည်ဖြစ်ကြောင်းနှင့် လာရက်အတွင်းမှာ သမ္မတ ရွေးချယ်မှုကို ပြုလုပ်သွားကြမည်ဖြစ်သည်။
#WesternNews #WN #မြန်မာ့နိုင်ငံရေး #အကြမ်းဖက်လွှတ်တော် #ကြံ့ဖွံ့လွှတ်တော် #ဒုသမ္မတများကိုအမည်စာရင်းတင်သွင်း #အကြမ်းဖက်စစ်ကောင်စီ