မြေပြင်ထိုးစစ်အတွက် အမေရိကန် ပြင်ဆင်နေပြီလို့ အီရန်ပြော၊ အသင့်စောင့်နေမယ်လို့ဆို


မြေပြင်ထိုးစစ်အတွက် အမေရိကန်က ပြင်ဆင်နေပြီး အီရန်ဖက်ကလည်း အသင့်စောင့်နေတယ်လို့ အီရန်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အီရန်နဲ့ နောက်ကွယ်မှာ ဆွေးနွေးမှုတွေ ရှိနေပြီး အခြေအနေတွေ တိုးတက်နေတယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာလည်း အီရန်ကို မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ထရမ့်က ကြံစည်နေကြောင်း မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က ဆိုပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင် ၃၅၀၀ လောက်ကို တင်ဆောင်လာတဲ့ အမေရိကန် ကမ်းတက်တိုက်ခိုက်ရေး ရေယာဉ် USS Tripoliက ပြီးခဲ့တဲ့ သီတင်းပတ်မှာ အရှေ့အလယ်ပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်ဖက်က သတင်းရင်းမြစ်တွေက အီရန်မှာ မြေပြင်တပ်တွေ ဝင်ရောက်တိုက်ခိုက်တာမျိုး တွေ့လာရနိုင်တယ်လို့ မှတ်ချက်ပေးထားပြီး အခုတော့ အီရန်ဖက်ကပါ အဲဒီကိစ္စကို ပြောဆိုလာတာ ဖြစ်ပါတယ်။
အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ တပ်အင်အား တိုးမြှင့်ဖြန့်ကျက်နေတာ မှန်ပေမယ့်လည်း တကယ်ပဲ ခြေလျင်တပ်တွေ ဝင်ရောက်တိုက်ခိုက်မလား ဆိုတာကိုတော့ သမ္မတ ထရမ့်က အတိအကျ မဆုံးဖြတ်ရသေးဘူးလို့လည်း အိမ်ဖြူတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရန်သူကတော့ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်လို့ လူကြားကောင်းအောင် ပြောဆိုနေရင်း နောက်ကွယ်မှာတော့ မြေပြင်တိုက်ခိုက်မှုအတွက် တိုးတိုးတိတ်တိတ် ပြင်ဆင်နေကြောင်း ဂါလီဘက်ဖ်က IRNA သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့ စစ်သည်တော်တွေကလည်း အမေရိကန်တွေက နိုင်ငံပိုင်နက်ထဲ ခြေချလာမှာကို စောင့်ဆိုင်းနေကြောင်း၊ အဲဒီအခါ အမေရိကန် စစ်သားတွေအပေါ် မီးတောက်မိုးတွေ ရွာချပေးလိုက်မှာ ဖြစ်သလို အမေရိကန်ရဲ့ ကြံရာပါ ဒေသတွင်း မဟာမိတ်တွေကိုပါ တစ်ပါတည်း ပြစ်ဒဏ်ခတ်လိုက်မှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ဂါလီဘက်ဖ်က စစ်ပွဲဟာ အရေးအကြီးဆုံး အဆင့်ကို ရောက်နေပြီဖြစ်ပြီး အီရန်ပြည်သူအားလုံး စည်းလုံးကြဖို့လည်း တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
ထရမ့်က အီရန်နဲ့ သံတမန်ရေး ဆွေးနွေးမှုတွေ ရှိနေကြောင်း အကြိမ်ကြိမ် ပြောဆိုထားပေမယ့် အီရန်ဖက်ကတော့ ထရမ့်ရဲ့ စကားဟာ မမှန်ကန်ကြောင်း၊ ဘာညှိနှိုင်းမှုမှ မရှိကြောင်း တုံ့ပြန်ထားပါတယ်။
ထရမ့်က အီရန်မှာ အမေရိကန်က စစ်နိုင်နေကြောင်းနဲ့ ခြေလျင်တပ်တွေ လွှတ်စရာ မလိုဘဲ အမေရိကန်ရဲ့ စစ်ရေး ရည်မှန်းချက်တွေ ပြည့်ဝအောင် စွမ်းဆောင်နိုင်ဆဲ ဖြစ်ကြောင်းလည်း ကြွေးကြော်ထားပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ အီရန် ပိတ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေးလို အရေးကြီးတဲ့ စစ်ရေး ရည်မှန်းချက်တွေမှာ မအောင်မြင်သေးဘဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဝါရှင်တန်ပို့စ် သတင်းစာကတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်နိုင်တဲ့ မြေပြင်ထိုးစစ်အတွက် ပြင်ဆင်မှုတွေ စတင်နေပြီလို့ ဖော်ပြထားပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ ဟောမုဇ် ရေလက်ကြား တဝိုက်က အီရန် စစ်ရေးပစ်မှတ်တွေကို စီးနင်းတိုက်ခိုက်တာမျိုးတွေလည်း ပါဝင်နိုင်ကြောင်း၊ ဒါပေမဲ့ အခုထိတော့ မြေပြင်တပ်တွေ အီရန်ကို ဝင်ရောက်ဖို့ ထရမ့်ဆီက မီးစိမ်းမပြသေးကြောင်း ဝါရှင်တန်ပို့စ်က ရေးသားထားခဲ့ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Getty, Reuter