ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာရာတွင် လိမ်လည်တင်ပြသူများကို ပြည်ပထွက်ခွာခွင့်ပိတ်ပင်ပြီး အမည်မည်းစာရင်း (Blacklist) သွင်းမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာရာတွင် လိမ်လည်တင်ပြသူများကို ပြည်ပထွက်ခွာခွင့်ပိတ်ပင်ပြီး အမည်မည်းစာရင်း (Blacklist) သွင်းမည်ဟု စစ်ကောင်စီ ကြေညာ
ရန်ကုန်၊ မတ် ၂၆
ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် ထွက်ခွာခွင့်ရရှိရန် အထောက်အထားများကို လိမ်လည်တင်ပြခြင်း၊ ခွင့်ပြန်အလုပ်သမားအဖြစ် အသွင်ဆောင်၍ တရားမဝင် ထွက်ခွာရန် ကြိုးပမ်းခြင်းများ ပြုလုပ်ပါက ပြည်ပထွက်ခွာခွင့် ပိတ်ပင်ရုံသာမက အမည်မည်းစာရင်း (Blacklist) သွင်း၍ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ ကြေညာ ချက် ထုတ်ပြန်လိုက်သည်။
အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အချို့သော အလုပ်သမားအသစ် (Fresh Worker) များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျ စုဆောင်းခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခြင်း လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင် ၍ ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ပြောဆိုသည်။
ထိုသို့ လိမ်လည်ခြင်းသည် တရားမဝင် လမ်းကြောင်းမှ ထွက်ခွာခြင်းဖြစ်ပြီး ထိုသူများအနေဖြင့် ပြည်ပတွင် ဥပဒေကြောင်းအရ အကာအကွယ်မဲ့ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်း အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားသည်။
ယခုအခါ စစ်ဆေးမှုများကို ပိုမိုတင်းကျပ်လိုက်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ ခွင့်ပြန်အလုပ်သမားများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အလုပ်သမားဝန်ကြီးဌာန၏ ဆိုက် ရောက်ကောင်တာတွင် သတင်းပို့ရမည်ဖြစ်ပြီး ထိုသို့ သတင်းပို့ထားသော မှတ်တမ်းရှိမှသာ နောက်တစ်ကြိမ် ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် ပြုမည်ဖြစ်သည်ဟု သိရှိရသည်။
ပြည်ပသို့ ပြန်လည်ထွက်ခွာလိုသော ခွင့်ပြန်အလုပ်သမားများအနေဖြင့် သက်တမ်းရှိ နိုင်ငံကူးလက် မှတ် (Passport) မူရင်းနှင့် မိတ္တူ၊ သက်တမ်းရှိ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူ၊ သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) သို့မဟုတ် Visa မိတ္တူ၊ လေဆိပ်ဝင်တံဆိပ်ခေါင်း ပါဝင်သည့် မျက်နှာပြင်မိတ္တူ၊ အလုပ်ရှင်၏ ခွင့်စာမိတ္တူ၊ လေယာဉ်လက်မှတ်မိတ္တူများကို တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်ပထွက်ခွာခွင့်အတွက် အထောက်အထား အမှားအယွင်းများ၊ မမှန်မကန် လိမ်လည်တင်ပြမှုများ ပြုလုပ်သူများကို စစ်ဆေးတွေ့ရှိပါက ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအပါအဝင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်သည်။ လိမ်လည်သူများကို ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist) သွင်းခြင်းများ ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။
ထို့အပြင် လိမ်လည်တင်ပြသူများကို နောက်ကွယ်မှ ပါဝင်ကူညီသော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကိုလည်း စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
လက်ရှိတွင် ခွင့်ပြန် အလုပ်သမားအများစုမှာ စစ်တပ်၏ တင်းကျပ်သော စိစစ်မှုများအောက်တွင် ပြည်ပထွက်ခွာရန် ခက်ခဲနေကြောင်း သိရှိရသည်။
“စင်ကာပူကနေ ခွင့် ၂ ပတ်ယူပြီး ပြန်လာတာ။ ဒီရောက်တော့ ပြန်ထွက်မရတော့ဘူး။ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်နဲ့ နောက် ဆုံး ပြန်ထွက်မရဘဲ စင်ကာပူက အလုပ်ပါပြုတ်သွားတယ်”ဟု ဖေဖော်ဝါရီလအတွင်း ပြည်ပထွက်ခွာခွင့် မရရှိခဲ့သော စင်ကာပူမှ ခွင့်ပြန် မြန်မာအင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းရန် အကျုံးဝင်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များအားလုံးကို ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာခွင့် ပိတ်ပင်ထားသည်။