ကသာမြို့ရှိ ခမရ ၃၀၉ သို့ စစ်ကူလာသည့် စစ်တပ် Mi-17 ရဟတ်ယာဉ်တစ်စင်း ပစ်ခတ်ခံရကာ အရေးပေါ်ဆင်းသက်ခဲ့ရ၊ ယနေ့နံနက်ပိုင်း ပြန်လည်ပြုပြင်ပြီး ပျံတက်သွား
ရန်ကုန်၊ မတ် ၂၆
စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ ခမရ ၃၀၉ တပ်ရင်းဌာနချုပ်သို့ စစ်ကူနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်သည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ် ၃ စင်းအနက် ၁ စင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ထိမှန်ကာ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) မှ ထွက်ခွာလာသည့် မှော်ဘီအခြေစိုက် အမှတ် ၅၂၃ ရဟတ်ယာဉ်အုပ်မှ Mi-17 ရဟတ်ယာဉ် ၃ စင်းသည် ကသာမြို့ ခမရ ၃၀၉ အတွင်းသို့ စစ်ကူနှင့် လက်နက်ခဲယမ်းများ ချပေးပြီးနောက် ပြန်လည်ပျံတက်စဉ် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် Mi-17 ရဟတ်ယာဉ် ၁ စင်းမှာ ကျည်ထိမှန်ခဲ့ပြီး မဘိမ်းမြို့နယ်၊ ငအိုးကျေးရွာရှိ ဘောလုံးကွင်းအတွင်းသို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ကျန်ရဟတ်ယာဉ် ၂ စင်းမှာမူ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် တွင်းငယ် (တတက-၁၃) သို့ ပြန်လည်ဆင်းသက်နိုင်ခဲ့သော်လည်း ကျည်ထိမှန်သွားသည့် ရဟတ်ယာဉ်မှာမူ ငအိုးဘောလုံးကွင်းအတွင်း ညအိပ်ရပ်နားခဲ့ရကြောင်း သိရသည်။
ယနေ့ မတ်လ ၂၆ ရက် နံနက်ပိုင်း သတင်းများအရ ယမန်နေ့ အရေးပေါ်ဆင်းသက်ခဲ့ရသည့် Mi-17 ရဟတ်ယာဉ်ကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ ရဟတ်ယာဉ် ပြင်ဆင်နေစဉ် စစ်ကောင်စီက လေယာဉ်ဖြင့် ပျံဝဲကာ ကာကွယ်ပေးခဲ့ကြောင်း ၊ လက်ရှိတွင် ပစ်ခတ်ခံခဲ့ရသည့် Mi-17 ရဟတ်ယာဉ်မှာ စက်ပြင်ဆင်မှုများ ပြီးစီးသွားပြီဖြစ်သဖြင့် ယနေ့နံနက်ပိုင်းတွင် ငအိုးဘောလုံးကွင်းမှ ပြန်လည်ပျံတက်သွားပြီဖြစ်ကြောင်း သိရှိရသည်။
ကသာမြို့တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကသာမြို့မကျစေရေးအတွက် ခမရ ၃၀၉ တပ်အတွင်းမှ ခုခံနေခြင်းဖြစ်သည်။
မတ်လ ၆ ရက်နေ့ကလည်း ဗန်းမော်မြို့ တိုက်ပွဲအတွင်း ဒရုန်းထိမှန်၍ ဒဏ်ရာရရှိထားသော အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးကို လာရောက် သယ်ယူသော Mi-17 ရဟတ်ယာဉ် ၁ စီးကို KIA တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး Mi-17 ရဟတ်ယာဉ်၏ ဆီကန်ကို ထိမှန်ခဲ့ပြီး မီးခိုးများ ထွက်လာသောကြောင့် ရွှေကူမြို့ပြင်တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။
၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့ကလည်း ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ပျက်ကျသွားခဲ့ကြောင်း၊ အခြားရဟတ်ယာဉ် ၁စီးမှာလည်း ထိမှန်ပြီး အရေးပေါ် ဆင်းသက်သွားခဲ့ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်ပျက်ခဲ့ပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ရဟတ်ယာဉ်လည်း ပျက်စီးသွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသထံသို့ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ် လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မ တော်( KIA) က ပစ်ချခဲ့သဖြင့် တိုက်လေယာဉ် ပျက်ကျသွားခဲ့သည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီး။
Photo- EPA ။