ဒေါ်လာနဲ့အတူ နိုင်ငံခြားငွေလဲနှုန်း အကုန်ဈေးတက်

ဒေါ်လာနဲ့အတူ နိုင်ငံခြားငွေလဲနှုန်း အကုန်ဈေးတက်
မတ်-၂၅၊၂၀၂၆။ဇော်ဝင်း/People’s Spring
ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က မတ်လ ၁၉ ရက်က အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်း ကျပ် ၄,၂၀၀ ဝန်းကျင်စျေးက နေ့စဥ်တိုးလာပြီး ဒီကနေ့ (မတ်၂၅ ရက်)မှာ ၄,၅၁၀ကျပ် ဖြစ်လာပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေစီးဆင်းမှုချုပ်ကိုင်တာနဲ့ ကျပ်ငွေ အဆမတန်ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံခြားငွေလဲနှုန်း မကြာခဏ မြင့်တက်လေ့ရှိတဲ့ ဒီကနေ့ ငွေလဲစျေးနှုန်းဟာ ပြီးခဲ့တဲ့ ရှစ်လ ၂၀၂၅ ဇွန်လနောက်ပိုင်းအမြင့်ဆုံး စျေးဖြစ်ပါတယ်။
“ရွှေကို ပြန်ရောင်းပြီး ငွေ(ဒေါ်လာ)ကို ပြန်ကိုင်ကြတာ ။ ငွေဈေးပြန်တက်နေတယ်။ပြီးတော့ကမ္ဘာ့ဒေါ်လာစျေးကွက်မှာပါ စစ်ဖြစ်တဲ့နိုင်ငံကနေ စစ်မဖြစ်တဲ့နိုင်ငံကို ဒေါ်လာကိုင်ပြီးပြောင်းရွေ့နေကြတာကြောင့် ဒေါ်လာ တန်ဖိုးတက်လာတယ်”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ကမ္ဘာ့ငွေကြေးစျေးကွက်မှာ မတ်လ ၁၈ ရက်ကစပြီး အခြားအဓိက ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ အားကောင်းလာပါတယ်။အမေရိကန်၊အစ္စရေးနဲ့ အီရန်စစ်ပွဲရဲ့ စီးပွားရေးအကျိုးသက် ရောက်မှုဖြစ်တဲ့ ရေနံစျေးတက်နေတာကြောင့် ဒေါ်လာငွေကြေး တက်လာတာလို့ ဆိုပါတယ်။
စက်သုံးဆီ၊စားသုံးဆီ၊လူသုံးကုန်၊ဆေးဝါး အစရှိတဲ့ ပြည်ပသွင်းအားစုတွေကို အမှီပြုနေရတဲ့ ပြည်တွင်း စျေးကွက်မှာ ဒေါ်လာစျေးတက်ခြင်းနဲ့အတူ အခြေခံလူထုအတွက် အကြပ်အတည်း ပိုဖြစ်လာစေလိမ့်မယ်လို့ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခု ကမ္ဘာ့ ရွှေစျေး ကျနေတာ တောင် ဒေါ်လာစျေး တက်လို့ ပြည်တွင်းရွှေစျေးက ပြန်မဆင်းဘူး။နောက်ပြီး စက်သုံးဆီ ဂယက်နဲ့တင် ကုန်တွေက အတက်ပြနေပြီ။။အခု ဒေါ်လာကနေတဆင့်ခံသွားတဲ့ ယွမ် နဲ့ ဘတ် စျေးလည်း တက်နေတာပဲ”လို့ သူက ပြောပါတယ်။
ရွှေ၊ငွေ နဲ့ စက်သုံးဆီစျေးနေ့စဥ်ပြုစုနေတဲ့ Myanmar Market Price အက်ပလီကေးရှင်းကနေ ဖော်ပြချက်အရ သုံးရက်အတွင်း စင်ကာပူ တစ်ဒေါ်လာ ကျပ် ၁၆၀ ၊ ဘတ်ငွေက ခြောက်ကျပ်နဲ့ ယွမ်ငွေက ၁၄ ကျပ် တိုးလာတယ်လို့ ဖော်ပြပါတယ်။
နိုင်ငံငွေကြေးစနစ်ကို ထိန်းချုပ်ခဲ့တဲ့စစ်တပ်လက်အောက်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၅ မှာ မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်တပ် အာဏာမသိမ်းမီက တစ်ဒေါ်လာ ငွေလဲနှုန်းက ကျပ် ၁,၃၀၀ ဝန်းကျင်ရှိခဲ့ပေမယ့် အခု သုံးဆခွဲကျော် မြင့်တက်နေတာဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ပြည်တွင်းကုန်စျေးနှုန်းတွေ မြင့်တက်တာနဲ့ ကုန်ပစ္စည်းရှားပါးတဲ့ အကျိုးဆက်တွေကိုလည်း ရင်ဆိုင်နေရပါတယ်။
(စစ်တပ်က​ငွေလဲနှုန်းကို ဖိအား​ပေးတင်းကြပ်ထား​ပေမယ့် ကျပ်​ငွေတန်ဖိုးက သိသိသာသာကျဆင်း​နေပါတယ်။ ဓာတ်ပုံ -Bloomberg)