ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းဆောင်ရန် ကိုယ်ရေး ရာဇဝင် ဖြည့်ခိုင်းပြီး သတင်းပို့ခိုင်း၊ စစ်မှုထမ်းမတိမ်းရှောင်စေရေး မိဘများကို ခံဝန်လက်မှတ်ထိုးခိုင်း
ရန်ကုန်၊ မတ် ၂၆


ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အပါအဝင် မြို့နယ်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းဆောင်ရန် ကိုယ်ရေးရာဇဝင် ဖြည့်ခိုင်းပြီး သတင်းပို့ရန် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံခိုင်းစေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု ၂၀၂၆ ခုနှစ်အတွက်စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ် အပိုင်းအခြားအတွင်း အကျုံးဝင်နေသော မြေပြင် လက်တွေ့ လူငယ်စာရင်းကို စစ်တပ်က ကောက်ယူခိုင်းနေခြင်းဖြစ်ပြီး ယခုမတ်လကုန် နောက်ဆုံးထား၍ စာရင်းများ ပေးပို့ရန် မြို့နယ်များတွင် စာရင်းကောက်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“တာမွေမြို့နယ်မှာတော့ ဖောင်တွေဖြည့်ခိုင်းပြီး တင်ခိုင်းနေပြီ။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်အမျိုးသား အကုန်ကိုယ်ရေးရာဇဝင်ဖြည့်ပြီး ရပ်ကွက်ရုံးတွေကို ပို့ခိုင်းတယ်။ နောက်တစ်ကျော့ မြေပြင်စာရင်းကောက်တာလို့ ပြောတယ်။ အခုကတော့ တော်တော်များများကို ဖောင်ဖြည့်ကြရတယ် တင်ကြရတယ်။ ရပ်ကွက်ရုံးတွေမှာက စာရင်းတွေ အတိအကျရှိပြီးသားမို့ အိမ်အထိဖောင်တွေလိုက်ပေးပြီးတင်ခိုင်းနေတာ။ အုပ်ကြီးတွေဆီမှာက သန်းခေါင်စာရင်းအရ စစ်မှုထမ်းအကျုံးဝင်လူစာရင်းအတိအကျရှိနေကြပြီ။ မြေပြင်မှာ လူတကယ်ရှိမရှိစာရင်းကောက်နေတာ” ဟု တာမွေမှ ပြည်သူတစ်ဦးက ရှင်းပြသည်။
ယင်းအပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသော လူငယ်များအနေဖြင့် ဖောင်ဖြည့်ပြီးပါက မိမိတာဝန်ထမ်း ဆောင်ရမည့် စစ်မှုထမ်း အလှည့်ရောက်ရှိပါက ရှောင်လွှဲခြင်း၊ တိမ်းရှောင်ခြင်းမပြုရန် မိဘများကိုပါ ခံဝန် လက်မှတ်များထိုးခိုင်းနေကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုယ်တိုင် နေအိမ်များပေါ်အထိတက်၍ လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင် ပေါ်တာဆွဲနေကြောင်း ဖမ်းဆီးခံရသေ လူငယ်တစ်ဦး၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းမင်း ဦးဆောင်သော အဖွဲ့က စစ်တပ်၊ ရဲများနှင့်အတူ ရပ်ကွက်အတွင်းမှ လူငယ် ၅ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ လူငယ် ၂ ဦးကိုသာ စစ်မှုထမ်းခေါ်မည်ဖြစ်ပြီး ကျန်ရှိသော လူငယ် ၃ ဦးအနေဖြင့် သိန်း ၇၀ ဖြင့် ပြန်လာရွေးရန် မိဘများထံမှ ငွေညှစ်တောင်းခံခဲ့ကြောင်း သိရှိရသည်။