မင်းအောင်လှိုင်မိသားစု မြန်မာငွေ သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိ “အလွန်ခမ်းနားသော” ဇိမ်ခံအိမ်ရာတစ်ခုကို ဘန်ကောက်မြို့တွင် ခိုးဝယ်ယူခဲ့မှု ဖော်ထုတ်ခံရ
မတ် ၂၅၊ ၂၀၂၆









အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားနဲ့ ချွေးမဖြစ်သူတို့ဟာ ဘန်ကောက်မြို့က ထိုင်းဘတ်ငွေ ၉၈ သန်းတန် ဇိမ်ခံအိမ်ရာတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ နာမည်လွှဲပြီး ဝယ်ယူခဲ့တယ်လို့ Justice For Myanmar (JFM) ကနေ စုံစမ်းဖော်ထုတ်လိုက်ပါတယ်။
အဲဒီ ထိုင်းဘတ်ငွေ ၉၈ သန်းတန် ဇိမ်ခံအိမ်ရာဟာ လက်ရှိငွေလွှဲပေါက်စျေးအရဆိုရင် မြန်မာငွေ သိန်းပေါင်း ၁ သိန်း ၂ သောင်းကျော် တန်ဖိုးရှိတယ်လို့လည်း သိရပါတယ်။
မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံက ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီတွေ၊ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံအိမ်ရေတွေကို နည်းလမ်းမျိုးစုံနဲ့ ဝယ်ယူစုဆောင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ဘန်ကောက်မြို့က Issara Residence Rama 9 စီမံကိန်းမှာ အခုလို တန်ကြေးမြင့် ဇိမ်ခံအိမ်ရာကို ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။
အဲဒီအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development ကုမ္ပဏီက ရောင်းချခဲ့တာဖြစ်ပြီး ဝယ်ယူသူရဲ့ အချက်အလက်ကို ဖုံးကွယ်ဖို့အတွက် Emerald Princess နာမည်နဲ့ ရုပ်ပြကုမ္ပဏီ (Shell Company) တစ်ခုကို အိမ်ရာမလွှဲပြောင်းမီ တစ်ပတ်အလိုမှ အလျင်အမြန် တည်ထောင်ခဲ့တယ်လို့ Justice For Myanmar ကဆိုပါတယ်။
အခုလို ဝယ်ယူမှုတွေကို စစ်ခေါင်းဆောင်မိသားစုရဲ့ အတွင်းလူဖြစ်သူ ခရိုနီ ထွန်းမင်းလတ်က စီမံဆောင်ရွက်ပေးနေတာဖြစ်ပြီး အိမ်ရာဝယ်ယူမှုစာချုပ်ကိုတော့ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ထားခံထားရတာကြောင့် ချွေးမဖြစ်သူ မျိုးရတနာထိုက် နာမည်နဲ့ ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်ဟာ ဒီနေ့အထိ ဘယ်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို မခံရသေးတာကြောင့် စစ်ခေါင်းဆောင် မိသားစုအတွက် ငွေကြေးကယ်ပေါက်တခုဖြစ်နေတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ထွန်းမင်းလတ်ဟာ မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံအတွက် Belle Grand Rama 9 ကွန်ဒိုမှာ တိုက်ခန်းတစ်ခန်း ဝယ်ယူပေးခဲ့ဖူးပြီး အဲဒီတိုက်ခန်းကတော့ အခွန်မပေးဆောင်တာကြောင့် လက်ရှိမှာ ထိန်းချုပ်ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်က ထွန်းမင်းလတ်ရဲ့ နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ အဲဒီ ကွန်ဒိုပိုင်ဆိုင်မှု စာချုပ်တွေနဲ့အတူ မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ်တွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Charn Issara အိမ်ရာဝယ်ယူမှုအတွက် ခရိုနီထွန်းမင်းလတ်ဟာ အောင်ပြည့်စုံနဲ့ မျိုးရတနာထိုက်တို့ကို ကိုယ်စားပြုပြီး ၂၀၂၂ ခုနှစ် မေလမှစတင်ကာ ငွေပေးချေမှုတွေကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ပြီး ငွေပေးချေရာမှာလည်း ထိုင်းနိုင်ငံက Siam Commercial Bank၊ Kasikorn Bank နဲ့ Bangkok Bank စတဲ့ ဘဏ်ကြီး ၃ ခုကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
Charn Issara ကုမ္ပဏီဟာ သူတို့ရဲ့ အဆင့်မြင့်ဇိမ်ခံအိမ်ရာကို ဝယ်ယူသူဟာ စစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေဖြစ်ကြောင်း သိရှိထားသလို ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Songkran Issara အပါအဝင် အဆင့်မြင့်စီမံခန့်ခွဲသူတွေနဲ့ မင်းအောင်လှိုင်ရဲ့ သား၊ ချွေးမတို့အကြား တိုက်ရိုက်တွေ့ဆုံမှုတွေကိုလည်း ထွန်းမင်းလတ်က စီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ JFM ကဆိုထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ သူ့နိုင်ငံအတွင်းကို စစ်အုပ်စုရဲ့ တရားမဝင်ငွေကြေး စီးဝင်နေမှုတွေကို ဟန့်တားဖို့ ပျက်ကွက်နေပြီး မင်းအောင်လှိုင်မိသားစုနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖိုနဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့် ဥပဒေကို ချိုးဖောက်ခဲ့တဲ့ အိမ်ခြံမြေကုမ္ပဏီတွေ၊ ရုပ်ပြကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့ JFM က ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ ဒဏ်ခတ်ပိတ်ဆို့မှု မခံရသေးတဲ့ မင်းအောင်လှိုင်ရဲ့ဇနီး ကြူကြူလှနဲ့ ချွေးမ မျိုးရတနာထိုက် တို့ကို နိုင်ငံတကာကနေ အမြန်ဆုံး အရေးယူပိတ်ဆို့ဖို့ကို Justice For Myanmar ကနေ တိုက်တွန်းထားပါတယ်။
ပုံစာ –
– ၂၀၂၂ခုနှစ်၊ သြဂုတ်လက အောင်ပြည်စုံ၊ မျိုးရတနာထိုက်၊ ထွန်းမင်းလတ်၊ ဝင်းမင်းစိုးတို့နှင့် Charn Issara ကုမ္ပဏီဦးဆောင်သူများအား အတူတွေ့ရသည့် မှတ်တမ်းဓာတ်ပုံ-
– Charn Issara သို့ မျိုးရတနာထိုက်အမည်ဖြင့် ငွေပေးချေမှု အထောက်အထား ဘဏ်ငွေလွှဲပြေစာ-
– မျိုးရတနာထိုက်မှ Independence Law Office သို့ ငွေပေးချေမှုအထောက်အထား ဘဏ်ငွေလွှဲပြေစာ-
– မျိုးရတနာထိုက်အား ဝယ်ယူသူအဖြစ် စာရင်းသွင်းထားသော Charn Issara အိမ်ခြံမြေကုမ္ပဏီ၏ ဝယ်ယူစဉ် ငွေပေးချေရမည့်အကြိမ်ရေဖော်ပြထားသည့် အထောက်အထား-
-131/999 အဆင့်မြင့်ကွန်ဒို တိုက်ခန်းအတွက် Belle Development သို့ အောင်ပြည့်စုံ၏ ငွေပေးချေမှု ပြေစာ အထောက်အထား –
– 131/999 Belle Grand Rama 9 အဆင့်မြင့်ကွန်ဒို တိုက်ခန်း၏ အောင်ပြည့်စုံ အမည်ပေါက်ပိုင်ဆိုင်မှု အထောက်အထား
– မင်းအောင်လှိုင် မိသားစု၏ ရုပ်ပြကုမ္ပဏီဖြစ်သော Emerald Princess ကုမ္ပဏီ အမည်ပေါက် Issara Residence Rama 9 တန်ဖိုးကြီး အိမ်ခြံမြေ ပိုင်ဆိုင်မှု အထောက်အထား