မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်၊ ပိတ်ဆို့မှုရှောင်ရန် ချွေးမအမည်ဖြင့် အမည်ခံကုမ္ပဏီသုံး၍ ဝယ်ယူခဲ့
🟥 ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆို
ရန်ကုန်၊ မတ် ၂၅
တရားမဝင် မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် ချွေးမဖြစ်သူတို့သည် ဘန် ကောက်မြို့ရှိ တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတစ်ခုကို ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ကြောင်း Justice For Myanmar က ဖော်ထုတ်လိုက်သည်။
အဆိုပါဝယ်ယူမှုကို မင်းအောင်လှိုင်မိသားစု၏ အတွင်းလူဖြစ်သူ မြန်မာစစ်အုပ်စုခရိုနီ ထွန်းမင်းလတ် က ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ထွန်းမင်းလတ်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ဖြင့် မဖမ်းဆီးခံရမီ လများကတည်းက ဤလုပ်ငန်းစဉ်ကို စီမံပေးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဖမ်းဆီးခံထားရစဉ် ကာလအတွင်းမှာပင် ဝယ်ယူမှုကို အပြီးသတ်နိုင်ခဲ့သည်။
ယင်းဝယ်ယူမှုအတွက် စာချုပ်ကို Charn Issara ကုမ္ပဏီနှင့် မင်းအောင်လှိုင်၏ ချွေးမ မျိုးရတနာထိုက် တို့ ချုပ်ဆိုခဲ့ကြသည်။ ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ပြည့်စုံမှာ အမေရိကန်နှင့် ကနေဒါတို့၏ ပိတ်ဆို့မှုခံထားရသူဖြစ်သော်လည်း၊ မျိုးရတနာထိုက်မှာ ယနေ့အထိ မည်သည့်နိုင်ငံ၏ ပိတ်ဆို့မှုကိုမျှ မခံရသေးသည့်အတွက် ၎င်းကို ကယ်ပေါက် (Loophole) တစ်ခုအဖြစ် အသုံးပြုကာ ပိတ်ဆို့မှုများကို ရှောင်လွှဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဇိမ်ခံအိမ်မှာ Issara Residence, Rama 9 စီမံကိန်းရှိ မြေကွက် 7C ပေါ်တွင် တည်ရှိသည်။ စာရွက်စာတမ်းများအရ ယင်းကို Emerald Princess Co., Ltd. က ပိုင်ဆိုင်သည်ဟု ဖော်ပြထားသော်လည်း ယင်းကုမ္ပဏီသည် ပိုင်ဆိုင်မှုမလွှဲပြောင်းမီ တစ်ပတ်အလို ၂၀၂၂ ဒီဇင်ဘာ ၁ ရက်နေ့တွင်မှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ယင်းကုမ္ပဏီ၏ဒါရိုက်တာမှာ Charn Issara မှ အမှုဆောင်ဒုတိယဥက္ကဌ Krit Hongjanya ဖြစ်သည်။
ကုမ္ပဏီလိပ်စာမှာလည်း Charn Issara ၏ ရုံးချုပ်လိပ်စာပင်ဖြစ်သည်။ ယင်းကုမ္ပဏီသည် အိမ်ခြံမြေလုပ်ငန်းအတွက်မဟုတ်ဘဲ “လက်ကားရောင်းဝယ်ရေး” အတွက် မှတ်ပုံတင်ထားပြီး ယနေ့အထိ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းထားခြင်းမရှိပေ။
ထွန်းမင်းလတ်သည် အောင်ပြည့်စုံနှင့် မျိုးရတနာထိုက်တို့ကို ကိုယ်စားပြု၍ Charn Issara နှင့် တိုက်ရိုက် ညှိနှိုင်းခဲ့သည်။ ၂၀၂၂ မေလမှစတင်ကာ ၃၀ ရာခိုင်နှုန်း ကနဦးပေးချေမှုအပါအဝင် အဆင့် ဆင့်ပေးချေခဲ့ရာတွင် Siam Commercial Bank, Kasikorn Bank နှင့် Bangkok Bank အစရှိသော ထိုင်းဘဏ်ကြီးသုံးခုကို အသုံးပြုခဲ့သည်။ ၂၀၂၂ ဩဂုတ်လတွင် အောင်ပြည့်စုံနှင့် မျိုးရတနာထိုက်တို့ကိုယ်တိုင် ဘန်ကောက်ရှိ Charn Issara ရုံးသို့ သွားရောက်ကာ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ကြသည်။
မင်းအောင်လှိုင်မိသားစုသည် ယခုအိမ်ရာအပြင် အခြားသော ဇိမ်ခံပိုင်ဆိုင်မှုများလည်း ရှိနေသေးသည်။ Belle Grand Rama 9 ကွန်ဒိုတွင်လည်း အောင်ပြည့်စုံက ၂၀၁၇ ခုနှစ် (ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်နေသည့်ကာလ) တွင် ဘတ် သန်း ၂၀ ဖြင့် ဝယ်ယူခဲ့သည်။ ယင်းအခန်းမှာ လက်ရှိတွင် အခွန်မပေး၍ ထိုင်းအာဏာပိုင်များ၏ ထိန်းချုပ်မှုအောက် ရောက်နေသည်။
မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်တွင် ထိုင်းဘဏ်စာအုပ်များရှိနေပြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူ၏ ဘဏ်စာအုပ် ၂ အုပ်ကိုလည်း ထွန်းမင်းလတ်၏ နေအိမ်အား ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းစဉ် သိမ်းဆည်းရမိခဲ့သည်။
ထွန်းမင်းလတ်နှင့် ဇနီး ဝင်းမင်းစိုးတို့သည် Belle ကွန်ဒိုတွင်ပင် တိုက်ခန်း ၃ ခန်း ထပ်မံပိုင်ဆိုင်ထားပြီး စင်ကာပူရှိ UOB ဘဏ်အကောင့်များမှတစ်ဆင့် ငွေလွှဲပေးချေခဲ့သည်။ ထွန်းမင်းလတ်သည် စင်ကာပူဘဏ်အကောင့်များသုံး၍ မြန်မာစစ်တပ်အတွက် တရုတ်နှင့် အစ္စရေးတို့ထံမှ လက်နက်ဝယ်ပေးသည့် ပွဲစားဖြစ်သည်။
၎င်း၏ Star Sapphire Group သည် စစ်ထောက်ချုပ်ရုံး၊ ဦးပိုင် (MEHL) တို့နှင့် နက်ရှိုင်းစွာ ပတ်သက်နေပြီး တာချီလိတ်ရှိ Allure ကာစီနိုကိုလည်း ပူးပေါင်းလုပ်ကိုင်နေသည်။ ပိတ်ဆို့မှုများကြောင့် ၎င်း၏ ကုမ္ပဏီအမည်အချို့ကို Shwe Ati နှင့် Hotel Dawei အဖြစ် အမည်ပြောင်းလဲ၍ လုပ်ငန်းများ ဆက် လက်လုပ်ဆောင်နေသည်။
JFM က ထိုင်းအစိုးရသို့ တိုက်တွန်းရာတွင် ထိုင်းနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ မင်းအောင်လှိုင်မိသားစုပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် စုံစမ်းစစ်ဆေးရန်၊ ပိုင်ဆိုင်မှုများ ထိန်းသိမ်းရန်: သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံတွင် တရားဝင် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွန်းလာမှသာ ပြန်လည်ပေးအပ်ရန်၊ နိုင်ငံတကာသို့ ယနေ့ထိ ပိတ်ဆို့မှုမခံရသေးသော မင်းအောင်လှိုင်၏ဇနီး ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကိုပါ အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုသည်။
စစ်အုပ်စုနှင့် ၎င်းတို့၏ ခရိုနီများက ပြည်သူ့ဘဏ္ဍာများကို အသုံးပြု၍ ပြည်ပတွင် ဇိမ်ခံပိုင်ဆိုင်မှုများ ရယူနေခြင်းကို ဟန့်တားရန် ထိုင်းအစိုးရ၊ ဘဏ်များနှင့် အိမ်ခြံမြေကုမ္ပဏီများတွင် တာဝန်ရှိကြောင်း Justice For Myanmar က ထောက်ပြ ဝေဖန်ထားသည်။