ထိုင်းစစ်တပ်နဲ့ စစ်ကောင်စီတပ်ရဲ့ မြဝတီမြို့စောင့်တပ် တပ်ရင်းမှုးအဖွဲ့တို့ တွေ့ဆုံ

ထိုင်းစစ်တပ်နဲ့ စစ်ကောင်စီတပ်ရဲ့ မြဝတီမြို့စောင့်တပ် တပ်ရင်းမှုးအဖွဲ့တို့ တွေ့ဆုံ
မတ် – ၂၅ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာမြဝတီမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ထိုင်းစစ်တပ်အရာရှိတွေ ဒီနေ့ (မတ်လ ၂၅ ရက်)မှာ နယ်ခြားကော်မတီ အစည်းအဝေး ပြုလုပ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဒီနေ့ မနက်ပိုင်း ၁၀ နာရီခွဲကမဲဆောက်မြို့မှာထိုင်စစ်တပ် ရာချမနူအထူးတပ်ဖွဲ့ရဲ့ တပ်မှုး ချန်ကန်ဆောင် ဦးဆောင်တဲ့ အဖွဲ့နဲ့ မြန်မာစစ်တပ်ဖက်က မြဝတီမြို့အခြေစိုက် ခလရ(၂၇၅)တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးဇော်ဟန်ဦး အဖွဲ့တို့ တွေ့ဆုံကြတာပါ။
အဲဒီတွေ့ဆုံမှုဟာ ထိုင်းစစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရဲ့ နေပြည်တော်ခရီးစဉ်အပြီး တစ်ပတ်အကြာမှာ ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။
မတ်လ ၁၈ ရက်က ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ဟာ နေပြည် တော်ကိုသွားရောက်ပြီး အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် နဲ့ တွေ့ဆုံကာ နှစ်ဖက်စစ်တပ်အကြားပူးဆောင်ရွက်မယ့် ကိစ္စရပ်တွေနဲ့ နယ်စပ် အရေးတွေကို ထည့်သွင်းဆွေးနွေးခဲ့တာပါ။
ဒီနေ့ မဲဆောက်မှာနှစ်ဖက်စစ်တပ်အရာရှိပိုင်းတွေ့ဆုံမှုကကာလအတန် ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားနဲ့ မြန်မာဘက်ခြမ်းက မြဝတီ – ကော့ကရိတ်အာရှလမ်းမကြီးကို ပြန်ဖွင့်နိုင်ဖို့ နှစ်ဖက်လုံးက ကြိုးပမ်းနေတာနဲ့ သက်ဆိုင်မှုရှိနေတယ်လို့ မြဝတီမှာ ရှိတဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
လာမယ့် ဧပြီလ ၁ ရက်မှာ အမှတ် (၂) ချစ်ကြည်ရေးတံတား နဲ့ အာရှလမ်းမကြီးတို့တစ်ရက်တည်းပြန်ဖွင့်လာနိုင်ခြေရှိတယ်လို့ စစ်ကောင်စီတပ်နဲ့အပစ်ရပ်ထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုက သတင်းရင်းမြစ်နဲ့ မြဝတီမြို့ခံသတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။
ကောလဟလသတင်းတွေသာ ကြားသိရပြီး အတိအကျတော့ မသိရသေးပေမ​ယ့် အမှတ် (၂) တံတားခြေရင်း ကုန်ကားတွေ ရပ်နားရာ ဝင်းထဲမှာတော့ သန့်ရှင်းရေးလုပ်တာတွေ အမြဲတွေ့နေရတယ်လို့ မြဝတီမြို့ခံ သတင်းရင်းမြစ်တစ်ဦးကလည်းအသိပေးပါတယ်။
ဒီနေ့ မဲဆောက်မှာ ထိုင်း-မြန်မာ နယ်ခြားကော်မတီ တွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီဘက်က အရင်က ကရင်နယ်ခြားစောင့်တပ်(BGF) အရာရှိတွေပါဝင်ခဲ့ပေမယ့် ဒီတစ်ခေါက်တွေ့ဆုံမှုမှာတော့ BGF ဘက်က ပါဝင်လာတာ မတွေ့ရတော့ပါဘူး။
လောလောဆယ်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်ကောင်စီတပ်က စိုးမိုးထိန်းချုပ်ထားနိုင်ပေမယ့် အာရှလမ်းမကြီးအနီး ကော့ကရိတ်မြို့မြောက်ဘက်က မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းမှာတော့ စစ်တပ်နဲ့ KNU ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ၂၀၂၆ ခုနှစ် မတ်လပိုင်းအထိ ဆက်ဖြစ်နေပါတယ်။
ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က နယ်မြေခံတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားနေဆဲပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကော့ကရိတ်မြောက်ပိုင်း အောက်ဘိုတဲ၊ မိဖာလဲကျေးရွာတွေမှာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က လေကြောင်းပစ်ကူအသုံးပြုပြီး တိုက်ခိုက်နေရတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီဟာ အာရှလမ်းမကြီးအပြင် ဒေါနတောင်ပေါ်လမ်းဟောင်းကိုပါ စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ကော့ကရိတ်၊ ဘားအံကနေ ထပ်မံပြီး အင်အားဖြည့်ဆည်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – AEC News