ကသာမြို့ ဗုံးကြဲခံရမှု သေဆုံးသူ ၈၀ နဲ့ ဒဏ်ရာရသူ ၂၀ ရှိမယ်လို့ ဒေသခံတွေ ခန့်မှန်း၊

ကသာမြို့ ဗုံးကြဲခံရမှု သေဆုံးသူ ၈၀ နဲ့ ဒဏ်ရာရသူ ၂၀ ရှိမယ်လို့ ဒေသခံတွေ ခန့်မှန်း၊
မဟာလေးထပ် ဘုန်းကြီးကျောင်းရှိ သံဃာ၊ စစ်ရှောင်တွေနဲ့ သဖန်းကိုင်းရွာခံတွေ သေဆုံးတာဖြစ်၊

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့မှာ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားချိန် စစ်အုပ်စုက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် ရဟန်းသံဃာတွေ အပါအဝင် ဒေသခံပြည်သူ ၈၀ ဝန်းကျင် သေဆုံးမယ်လို့ ခန့်မှန်းရပြီး ဒဏ်ရာရသူလည်း ၂၀ ဝန်းကျင် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၂၀ရက် မနက်ပိုင်းမှာ ကသာမြို့နဲ့ ကပ်လျှက်ရှိတဲ့ သဖန်းကိုင်းရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ကသာမြို့ အမှတ် ၃ ရပ်ကွက်က မဟာလေးထပ် ဘုန်းတော်ကြီးကျောင်းအနီးရှိ ကသာထောင်ဘက်မှာပါ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ပွဲဖြစ်ပွားချိန် မနက် ၁၁နာရီလောက်မှာတော့ စစ်အုပ်စုက သဖန်းကိုင်းရွာကို ဗုံးကြဲခဲ့သလို မဟာလေးထပ်ဘုန်းကြီးကျောင်းကိုပါ တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးပတ်ကြဲခဲ့ရာ ရဟန်းသံဃာတွေ အပါအဝင် ပြည်သူ ၈၀ ခန့် သေဆုံးပြီး ဒဏ်ရာရသူ ၂၀ လောက် ရှိခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

ကသာဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ အစုလိုက် သေဆုံး
ဧရာဝတီ၊ မတ် ၂၁၊ ၂၀၂၆
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ရှိ စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို ယမန်နေ့ နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များ ပျံလွန်တော်မူခဲ့ရသလို စစ်ရှောင်များအပါအဝင် ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကသာမြို့ အမှတ် ၃ ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ မဟာလေးထပ်ဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ လေးထပ်ဆောင် တည့်တည့်ကျပြီး ထိခိုက်သေဆုံးမှုများခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများပြောသည်။
ကသာမြို့ခံ အမျိုးသမီးတဦးက “ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကို ကြဲချသွားတာ။ ဘုန်းကြီးတွေရော စစ်ရှောင်တွေရော တော်တော် ထိခိုက်သွားတယ်။ အခုထိလည်း ပိတ်ပိနေတဲ့သူတွေရှိတယ်။ စစ်တပ်က မရှောင်ခိုင်းဘူး”ဟု ပြောသည်။
ဗုံးကြဲခံရအပြီး ဓာတ်ပုံများထွက်ပေါ်လာရာတွင်လည်း ဘုန်းကြီးကျောင်းမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့သလို သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ ထိခိုက်သေဆုံးမှုများနှင့် တချို့ရုပ်အလောင်းများ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို တွေ့ရသည်။
ဘုန်းကြီးကျောင်းသည် စစ်တပ် စိုးမိုးထိန်းချုပ်ထားသည့်နေရာဖြစ်သောကြောင့် ထိခိုက်သေဆုံးမှု အခြေအနေ အတိအကျ အတည်ပြုနိုင်ရန် ခက်ခဲကြောင်းနှင့် မြို့ခံများ၏ ပြောပြချက်အရ သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၈၀မှ ၁၀၀ ကြား ရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ကသာမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကသာမှာ တိုက်ပွဲဖြစ်တာငြိမ်နေရာကနေ ပြီးခဲ့တဲ့ ၅ ရက်လောက်က တိုက်ပွဲ တောက်လျောက် ဖြစ်တယ်။ မနေ့က လေယာဉ်နဲ့ ဗုံးတောက်လျောက်ကြဲတာပေါ့။ Y12 နဲ့ ရော ဂျက်ဖိုက်တာတွေနဲ့ပါကြဲတာ။ ဂျက်ဖိုက်တာ ၂ စီးနဲ့ကြဲတာ ပေါင် ၅၀၀ ဗုံးတွေပါတယ်။ လေးထပ်ကျောင်းမှာ စစ်ရှောင်ရှိနေတာကို စစ်တပ်က သိသိကြီးနဲ့ ဗုံးကြဲလိုက်တာ။ ခြေပြတ် လက်ပြတ်၊ ခေါင်းပြတ်တွေရော ထိခိုက်တာ အတော်များတယ်”ဟု ပြောသည်။
ကသာမြို့ရှိစစ်တပ် တပ်စွဲထားသည့်နေရာများနှင့် တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလနောင်းပိုင်းမှစ၍ တိုက်ပွဲအရှိန်လျော့ကျခဲ့ပြီး ပြန်ငြိမ်နေခဲ့ရာမှ ယခုအပတ်အတွင်း တိုက်ပွဲများပြန်ရှိလာကာ ယမန်နေ့က ကသာထောင်နှင့်အနီးဆုံး သဖန်းကိုင်းရပ်ကွက်ဘက်နှင့် မခရ ၃၀၉ တပ်ရင်းဘက်တို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုံစာ-ယမန်နေ့က ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး မီးလောင်နေသည့် မြင်ကွင်း /Bo Thanmani’s Post