အကြမ်းဖက် လွှတ်တော်က တင်မြှောက်မည့် သမ္မတ မဖြစ်သေးသော်လည်း မင်းအောင်လှိုင်မိသားစုနှင့်ရုံးနေရာများ သမ္မအိမ်တော်သို့ ပြောင်းရွှေ့နေပြီ

အကြမ်းဖက် လွှတ်တော်က တင်မြှောက်မည့် သမ္မတ မဖြစ်သေးသော်လည်း မင်းအောင်လှိုင်မိသားစုနှင့်ရုံးနေရာများ သမ္မအိမ်တော်သို့ ပြောင်းရွှေ့နေပြီ
ရန်ကုန်၊ မတ် ၂၁
အကြမ်းဖက် လွှတ်တော်က တင်မြှောက်မည့် သမ္မတ မဖြစ်သေးသော်လည်း မင်းအောင်လှိုင်မိသားစုနှင့်ရုံးခန်းနေရာများ သမ္မအိမ်တော်သို့ ပြောင်းရွှေ့နေပြီဖြစ်ကြောင်း နေပြည်တာ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင်မှာ လာမည့် မတ်လ ၃၀ ရက်နေ့တွင် စစ်တပ် ဦးစီးချုပ် ရာထူးမှ အနားယူ ၍ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတ၊ ယင်းမှတစ်ဆင့်အကြမ်းဖက် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်သော သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် သမ္မတအိမ်တော်သို့ ၎င်းမိသားစုနေထိုင်ရန် စီစဉ်ပြောင်းရွှေ့မှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရှိရသည်။
“အိမ်တော်ထဲကို တပ်ချုပ်မိသားစုနေထိုင်ဖို့ ပစ္စည်းတွေ ထည့်တာတွေ လုပ်နေပြီ။ လက်ရှိတော့ ၆ လုံးတန်းအိမ်မှာပဲ နေတုန်းပဲ။ ပြောင်းတော့မလာသေးဘူး။ ငလျင်လှုပ်ပြီးတော့ ပြန်ပြင်ပြီးတဲ့ အိမ်တော် အဆောင်နေရာတွေလည်း တပ်ချုပ်ကိုယ်တိုင်ပဲ လိုက်စစ်ဆေးတာတွေ လုပ်တယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်သည် ယာယီသမ္မတ ရာထူး ယူထားသော်လည်း သမ္မတအိမ်တော်တွင် နေထိုင်ခြင်းမရှိဘဲ ၆ လုံးတန်းအိမ်တွင်သာ နေထိုင်ကာ သမ္မတအိမ်တွင် ရုံးတက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ယမန်နှစ်အတွင်း လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော နေပြည် တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က သူ့စိတ်ကြိုက် ဒီဇိုင်းဆွဲ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်း ပြင်းအား ၇ ဒသမ ၇ အဆင့် ဖြင့် လှုပ်ရှားခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် အစည်း အဝေးခန်းမဆောင်အစိတ်အပိုင်း အပါအဝင် သမ္မတအိမ်တော်၏ နေရာအများအပြား အက် ကွဲခြင်း၊ အတွင်းပိုင်း ပြိုကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသို့ ပျက်စီးမှုများအတွက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ခြင်း၊ အဆောင်သစ်များ တိုးချဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတအိမ်တော် ပြင်ဆင်ရာတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့နှင့်အတူ သားဖြစ်သူ အောင်ပြည့် စုံ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာများလည်း အတူပါဝင်ကြောင်း၊ သမ္မတအိမ်တော်အတွက် လိုအပ်သော ပစ္စည်းများကို လေယာဉ်ဖြင့် ပြည်ပမှ တိုက်ရိုက် သွားရောက်သယ်ယူပြီး ပြင် ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။