တစ်နေ့လျှင် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဟု ကြေညာ

တစ်နေ့လျှင် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဟု ကြေညာ
ရန်ကုန်၊ မတ် ၁၈
ယနေ့ မတ်လ ၁၈ ရက်နေ့မှစတင်၍ တစ်နေ့လျှင် ၄ နာရီခြား၍ ၂ ကြိမ် စုစုပေါင်း ၈ နာရီ လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြီးဆုံးသွားပြီး နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ယနေ့ မတ်လ ၁၈ ရက်နေ့ မှစတင်ကာ လျှပ်စစ်မီးများကို အလှည့်ကျစနစ် (Planned Load Shedding) ဖြင့် ပြန်လည်ဖြတ်တောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။
အလှည့်ကျ မီးဖြတ်မီးပေးစနစ်ကို ကျင့်သုံးရခြင်းမှာ လျှပ်စစ်မီးများ လုံလောက်စွာ မထုတ်နိုင်တော့ခြင်းကြောင့်ဖြစ်ပြီး အဓိကပင်မ ဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရရှိမှု လျော့နည်းလာခြင်းကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်တော့ခြင်း၊ ရေအားလျှပ်စစ်အတွက် ဆည်များအတွင်း စုဆောင်းထားသည့် ရေပမာဏကို ဇွန်လအထိ ရေရှည်အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်းမောင်းနှင်နေရခြင်းတို့ကြောင့်ဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်က အကြောင်းပြထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်ချိန် အဆင်ပြေစေရန်အတွက် ဆည်ရေများကို အရှိန်အဟုန်ဖြင့် အသုံးပြုကာ မီးပေးဝေခဲ့သော်လည်း ယခုအခါ စာမေးပွဲများ ပြီးဆုံးသွားပြီဖြစ်သဖြင့် အလှည့်ကျ မီးဖြတ်တောက်မည့် အစီအစဉ်များကို ပြန်လည်စတင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့သော်လည်း LNG (သဘာဝဓာတ်ငွေ့) ကို တိုက်ရိုက်အသုံးပြုနေသည့် ဓာတ်အားပေးစက်ရုံများနှင့် ဆက်သွယ်ထားသော ဓာတ်အားလိုင်းအချို့တွင်မူ ဝန်အားလျှော့ချခြင်း (Load Shedding) မပြုလုပ်ဘဲ ဆက်လက်ပေးဝေနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။
နိုင်ငံတစ်ဝန်းလုံးတွင် ၄ နာရီ မီးပေး၊ ၄ နာရီ မီးဖြတ်စနစ်ဖြင့် တစ်နေ့လျှင် ၂ ကြိမ် စုစုပေါင်း ၈ နာရီ မီးဖြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။