လူငှားပြီး ဟန်ဆောင် ဓားပြတိုက်ခိုင်းသူနဲ့ ပူးပေါင်း ပါဝင်သူတွေကို အရေးယူ
မတ် ၁၇ – ၂၀၂၆
SN (VOM)


မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ အိမ်တွင်းရေး ပြဿနာကြောင့် လူငှားပြီး ကိုယ့်အိမ်ကိုယ် ဟန်ဆောင် ဓားပြတိုက်ခိုင်းကာ ရဲစခန်းမှာ လိမ်လည် တိုင်ကြားခဲ့တဲ့ အမျိုးသမီးနဲ့ ပူးပေါင်း ပါဝင်ခဲ့သူတွေကို အမှုဖွင့် အရေးယူထားတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓားပြတိုက်မှု ဖြစ်စဉ်ဟာ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ အကွက် ၂၂၊ ၇၆ × ၇၈ လမ်းကြား၊ ၈ × ၉ လမ်းကြားမှာရှိမှာတဲ့ နေအိမ်တအိမ်မှာ ပြီးခဲ့တဲ့ မတ် ၁၅ ရက်၊ ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
လူငယ်နှစ်ယောက်က ပစ္စည်းလာပို့သူအဖြစ် ဟန်ဆောင်ပြီး ဓားပြတိုက်ခဲ့ကြတာမှာ နေအိမ်ရှိ ကလေးငယ် တယောက်ကို ဖမ်းချုပ်ကာ ငွေသားနဲ့ ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာသော့ကို တောင်းယူပြီး ပစ္စည်းတွေ အားလုံးကို ယူဆောင်သွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဖြစ်စဉ်အတွင်း ဓားပြတွေက ငွေသား ကျပ်သိန်း ၂၂၀၊ ရွှေ ၅ ကျပ်သား နှစ်တုံး၊ ရွှေထည်ပစ္စည်း ခြောက်မျိုးနဲ့ ကျောက်စိမ်းပွင့် ၅၀ တို့ကို ယူဆောင်သွားကြောင်း၊ ၎င်းတို့မှာ အသင့်ယူဆောင်လာတဲ့ အရိုးပန်းရောင် ကတ်ကြေး တလက်လည်း ပါရှိကြောင်း ဓားပြတိုက်ခံရသူ မနှင်းနုခိုင်ဆိုသူ အမျိုးသမီးက ရဲစခန်းမှာ သွားရောက် တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဖြစ်စဉ်က ဓားပြ ဆိုသူတွေ ရှိမယ့်နေရာကို CCTV ကတဆင့် ခြေရာခံမိပြီး ဖမ်းဆီးမိတဲ့အချိန်မှာ လိမ်လည်မှု ပေါ်ပေါက်လာတာပါ။ သိန်း ၂၀ နဲ့ လူငှားပြီး ဓားပြဟန် ဆောင်ခိုင်းတာ။ အဲဒီအိမ်မှာ ငှားနေတဲ့ မနှင်းနုခိုင်မှာ အကြွေးတွေရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် သူ့အသိကို အကူအညီတောင်းပြီး ဒီလိုဇာတ်လမ်း ထွင်ကြတာပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသား သုံးယောက်၊ အမျိုးသမီး နှစ်ယောက်၊ စုစုပေါင်း ငါးယောက်ကို အရေးယူထားပြီး အောင်မြေသာစံမြို့နယ် တရားရုံးမှာ အမှုနဲ့ ချုပ်မိန့်ရီမန် တောင်းခံထားတယ်လို့ သိရပါတယ်။
ဒါအပြင် အခင်းဖြစ်စဥ်မှာ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်ကိုပါ သက်သေခံအဖြစ် သိမ်းဆည်းကာ လိုင်စင်ရှိ/မရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ကို အကြောင်းကြားစာ ပေးပို့ မေးမြန်းထားပြီး ဒီအမှုနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Photo – CJ