စစ်တပ်ဦးစီးချုပ်အဖြစ်မှ အနားယူရန် အလားအလာများနေသည့် မင်းအောင်လှိုင်ကို ထိုင်းစစ်တပ်ခေါင်းဆောင်များ နေပြည်တော်တွင် ယနေ့ နောက်ဆုံး လာရောက်တွေ့ဆုံ
ရန်ကုန်၊ မတ် ၁၈
အကြမ်းဖက်စစ်တပ်၏ ဦးစီးချုပ်အဖြစ်မှ အနားယူရန် အလားအလာများနေသည့် မင်းအောင်လှိုင်ကို ထိုင်းစစ်တပ်ခေါင်းဆောင်များက ယနေ့ နေပြည်တော်တွင် လာရောက်တွေ့ဆုံကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်း ထိုင်းစစ်တပ်မှ အထူးလေယာဉ်ဖြင့် ထိုင်းစစ်တပ် ကာကွယ် ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်တို့က နေပြည်တော်သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံကာ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
“နှုတ်ဆက်တွေ့ဆုံမှုလို့ သိရတယ်။ ဒီမနက်ပိုင်းမှာ ထိုင်းစစ်တပ် အထူးလေယာဉ်နဲ့လာပြီး မွန်းလွဲပိုင်းမှာ ပြန်မှာပါ။ နေ့ချင်းပြန်ပါ။ တပ်ချုပ်ကို နောက်ဆုံး လာတွေ့ နှုတ်ဆက်တာလို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ဦးစီးချုပ် ရာထူးမှ အနားယူရန် ပြင်ဆင်နေသည်ဆိုသော သတင်းများမှာ စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး စိုးဝင်းကို တပ်ချုပ်ပေးမည်လော၊ ရဲဝင်းဦးကို တပ်ချုပ်ပေးမည်လောဟု မေးခွန်းများစွာ ထွက်ပေါ်နေကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။
ယခုအခါ အသက် ၇၀ နှစ်ရှိနေပြီဖြစ်သော မင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ်၊ မတ်လ ကတည်းက စစ်တပ်ဦးစီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်တပ်ဦးစီးချုပ် တာဝန်ယူခဲ့သည်မှာ ၁၅ နှစ်ရှိလာပြီဖြစ်သည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။