ညောင်လေးပင်မှာ စစ်တပ်လက်ချက်ကြောင့် ပြည်သူ ၃၀သေဆုံးဟု KNUထုတ်ပြန် ▪️စစ်တပ်က ရွေးကောက်ပွဲနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုပိုကျူးလွန်ဟုဆို

ညောင်လေးပင်မှာ စစ်တပ်လက်ချက်ကြောင့် ပြည်သူ ၃၀သေဆုံးဟု KNUထုတ်ပြန်
▪️စစ်တပ်က ရွေးကောက်ပွဲနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုပိုကျူးလွန်ဟုဆို
မတ်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှု၊ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၀ဦး သေဆုံးခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုကျူးလွန်လာကြောင်း ဖော်ပြပါတယ်။
လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခမရ-၂၀၊ ခလရ-၂၆၄နဲ့ ခမရ-၄၃၉တပ်ရင်း ပူးပေါင်းစစ်ကြောင်းဟာ မတ်လ ၅ရက်မှာ ရေးတွင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ ၁၆၀ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၇ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်ရဲ့ လေကြောင်း၊ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ပြည်သူ ၂၅ဦး သေဆုံးခဲ့ရသလို ၅ဦးကိုလည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့တာလို့ KNUက ထုတ်ပြန်ပါတယ်။
” အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲအား ဦးဆောင်ကျင်းပခဲ့ပြီး ထိုကာလများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်ခဲ့ယုံသာမက ရွေးကောက်ပွဲ နောက်ပိုင်းကာလများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ပိုမိုကျူးလွန်လျက်ရှိသည်” လို့ KNUရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ အာဏာမသိမ်းခင်ကတည်းက အခုလို အရပ်သား ပြည်သူတွေ အပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မြန်မာအနှံ့ ကျူးလွန်ခဲ့တာဖြစ်ပြီး အခုကာလမှာ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ပြည်သူလူထုက ပွင့်လင်းမြင်သာစွာ သိမြင်ရတာလို့ KNU က ထုတ်ပြန်ပါတယ်။
ညောင်လေးပင်ခရိုင်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် အပေါ် KNUက ဆက်လက် စိစစ်အတည်ပြုနေဆဲဖြစ်ပြီး နောက်ဆက်တွဲ စာရင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးမယ်လို့ အသိပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ညောင်လေးပင်ဒေသ ပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို ကြားသိရပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ သိရကြောင်း ပြောပြပါတယ်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN)ကလည်း စစ်တပ်က ညောင်လေးပင်ခရိုင်အတွင်း ပြည်သူတွေကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီကနေ့ မတ်လ ၉ရက်မှာ ထုတ် ပြန်ထားပါတယ်။
(ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ပြည်သူတွေအစုလိုက်သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ။ ဓာတ်ပုံ – KNU)