စစ်အာဏာရှင် တော်လှန်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နိုင်ရေး ဒုဗိုလ်ချုပ်ကြီးဂွန်မော် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းနေဟုဆို

စစ်အာဏာရှင် တော်လှန်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နိုင်ရေး ဒုဗိုလ်ချုပ်ကြီးဂွန်မော် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းနေဟုဆို
ရန်ကုန်၊ မတ် ၉
အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နိုင်ရေး ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုသည်။
ယနေ့ ပြုလုပ်သည့် ပြည်သူမှ ပြည်သူသို့ အစီအစဉ်တွင် NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေဖြင့် တော်လှန်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေပြီး ရက် ၉၀ အတွင်း ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်နေ ကြောင်း၊ အတွင်း ပြုပြင်ပြောင်းလဲရေးနှင့် ပြင်ပ ပြုပြင်ပြောင်းလဲရေးများကို တိုင်းရင်းသားခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေး လုပ်ဆောင်လျက်ရှိကြောင်း ဒေါက်တာဇော်ဝေစိုးက ဆိုသည်။
“ကျနော် A လေးလုံးကို အကောင်အထည်ဖော်နေတာရှိတယ်။ Advocacy၊ Administration Accountable၊ Anti-Corruption ဒါတွေကို အကောင်အထည်ဖော်နေတာရှိတယ်။ အဲဒါတွေလုပ်နေသလို တစ်ဖက်ကလည်း ကျနော်တို့ Reform Process ထဲမှာ အကောင်အထည်ဖော်နေတယ်။ နောက် ပြီးတော့ Internal Reform အားလုံးလည်း သိပြီးသားပါ။ ကျနော်တို့ သမ္မတကြီးတို့ ဘာတို့လည်းပြောတယ်။ အခုဟာကတော့ ကျနော်တို့ External Reform ဖြစ်နိုင်ဖို့ ကြိုးစားနေတယ်။ အားလုံးလည်း သိတဲ့အတိုင်းပါပဲ ဗိုလ်ချုပ်ကြီး ဂွန်မော်တို့လည်း ထွက်ပြောထားတာရှိတယ်။ ခေါင်းဆောင်တော်တော်များများလည်း ပြောနေတော့ ကျနော်တို့ ဒီဟာကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပြီး ဆွေးနွေးနေတယ်။ ညှိနှိုင်းနေတယ်။ တိုင်ပင်နေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ အဲဒီ Process ထဲမှာ ပါနေတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။
KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအတွက် NUG အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ ဆောင်ရွက်နေကြောင်း ၊ ပန်းတိုင်ရောက်ရှိရေး နိုင်ငံရေးနှင့် စစ်ရေး ဟန်ချက်ညီစွာ လမ်းကြောင်းမှန်အတိုင်း စုစည်းညီညွတ်စွာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် ပြုလုပ်သော ၆၅ နှစ်မြောက် ကချင်တော်လှန် ရေးနေ့ အခမ်းအနားသို့ အွန်လိုင်းမှတစ်ဆင့် ပြောကြားသော မိန့်ခွန်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။