စစ်ပွဲကာလ တစ်ပတ်ပြည့်ချိန်မှာ အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ ထရမ့်တောင်းဆို

စစ်ပွဲကာလ တစ်ပတ်ပြည့်ချိန်မှာ အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ ထရမ့်တောင်းဆို
အီရန်စစ်ပွဲ တစ်ပတ်တိတိ ပြည့်မြောက်ခဲ့ချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန် အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချသင့်ပြီလို့ တောင်းဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာက လက်ရှိစစ်ပွဲ စတင်လာခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၆ ရက်နေ့၊ စစ်ပွဲကာလ တစ်ပတ်ပြည့်ခဲ့တဲ့ အချိန်မှာတော့ အီရန် သမ္မတ မာဆုဒ် ပက်ဇ်ရှန်ကိုက နာမည်အတိအကျ ဖော်ပြမထားတဲ့ နိုင်ငံတချို့ဟာ စစ်ရပ်စဲရေးကိစ္စ ကြားဝင် စေ့စပ်မှုတွေအတွက် စတင် ကူညီ အားထုတ်ပေးနေပြီလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးကို သက်ရောက် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ လက်ရှိ စစ်ရေး ပဋိပက္ခကို အဆုံးသတ်စေဖို့ သံတမန်ရေး နည်းလမ်းနဲ့ ချဉ်းကပ်မှုတွေအကြောင်း ပထမဆုံး သတင်းကြားလာရခြင်းလည်း ဖြစ်ပါတယ်။
ပက်ဇက်ရှ်ခန်ရဲ့ ကြေညာချက်အပြီး နာရီပိုင်း အကြာမှာတော့ ထရမ့်က အီရန်ကသာ ခြွင်းချက်မရှိ လက်နက်မချဘူးဆိုရင် ဘယ်လို သဘောတူညီမှုမျိုးမှလည်း ရှိလာမှာ မဟုတ်ဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အီရန်က ခြွင်းချက်မရှိ လက်နက်ချပြီးတဲ့ အခါကျမှသာ အမေရိကန်၊ အမေရိကန်ရဲ့ ထူးကဲပြီး ရဲရင့်တဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေက လက်ခံပြီး ထူးချွန်တဲ့ အီရန် ခေါင်းဆောင်တွေကို ရွေးချယ်ရမှာ ဖြစ်ကြောင်း၊ ဒါမှသာ အီရန်ကို အလုံးစုံ ပျက်သုဉ်းမှုထဲ ကျဆင်းလုနီးနီး အခြေအနေကနေ ကယ်တင်ပြီး အီရန်ရဲ့ စီးပွားရေးကလည်း ဘယ်တုန်းကမှနဲ့ မကြုံဖူးလောက်အောင် ပိုမိုကောင်းမွန်လာ၊ ကြီးမားလာ၊ ခိုင်မာတောင့်တင်းလာမှာဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးထားပါတယ်။
စစ်ပွဲကာလ တစ်ပတ်ပြည့်ချိန်မှာ ထရမ့်ဆီက ထွက်ပေါ်လာတဲ့ အပြည့်အဝ အီရန်လက်နက်ချရေး တောင်းဆိုမှုကြောင့် စစ်ပွဲကို သံတမန်ရေး လမ်းကြောင်းတွေကနေ ရပ်တန့်စေဖို့ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးလာဖွယ် ရှိနေပါတယ်။ အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ ရေနံနဲ့ လောင်စာတင်ပို့မှု လမ်းကြောင်းတွေမှာ ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်ပေါ်စေသလို ငွေကြေးစျေးကွက်မှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
လက်ရှိ အခြေအနေမှာတော့ အီရန်ဟာ အစ္စရေးနိုင်ငံကိုရော၊ အမေရိကန် စစ်စခန်းတွေကို လက်ခံထားတဲ့ အာရပ်ဒေသတွင်း နိုင်ငံတွေကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တုံ့ပြန် တိုက်ခိုက်နေပါတယ်။ အစ္စရေးကလည်း အီရန်မှာသာ မကဘဲ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ တပ်ဖွဲ့တွေ အခြေစိုက်တဲ့ လက်ဘနွန် နိုင်ငံမှာပါ စစ်ဆင်ရေးတွေ ဆင်နွှဲ တိုက်ခိုက်နေပါတယ်။
မတ်လ ၅ ရက်နေ့တုန်းက Ruetersနဲ့ တယ်လီဖုန်း အင်တာဗျူးမှာ ထရမ့်က အီရန်ရဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ် ခန့်အပ်ပိုင်ခွင့်ကို သူက တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။ အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေး စတင်တဲ့ နေ့မှာတင် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ အမေရိကန် အစိုးရဟာ အီရန်ရဲ့ အနာဂတ် ခေါင်းဆောင်လောင်းတွေ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အလေးအနက် စဉ်းစားထားပြီး ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အမေရိကန် အစိုးရနဲ့ ထောက်လှမ်းရေး အေဂျင်စီတွေက လျာထားတဲ့ လူပုဂ္ဂိုလ်တချို့ ရှိနှင့်ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီထက်တော့ သူ့အနေနဲ့ ပိုမပြောလိုကြောင်း လီယာဗစ်က ဆိုပါတယ်။
စစ်ပွဲကာလ တစ်ပတ်ပြည့်သွားချိန် မြေပြင် အခြေအနေအရတော့ အီရန်ရဲ့ ရေတပ်ဟာ လုံးဝနီးပါး ပျက်စီးပျောက်ကွယ်သွားပြီး အီရန်လေပိုင်နက်ကိုလည်း အမေရိကန်နဲ့ အစ္စရေးတို့က ရာနှုန်းပြည့် နီးပါးလောက် စိုးမိုးထားပါတယ်။ အီရန်ဆီက ဒရုန်းနဲ့ ဒုံးကျည်တွေ တုံ့ပြန်ပစ်ခတ်မှုဟာလည်း တစ်ရက်ပြီးတစ်ရက် ပိုမို အားလျော့လာနေတယ်လို့ အမေရိကန် စစ်ဘက်က ပြောပါတယ်။ အစ္စရေးကတော့ လက်ဘနွန် ပိုင်နက်ထဲမှာ စစ်ဆင်ရေး နယ်ပယ်ကို သိသိသာသာ ချဲ့ထွင်လာနေပြီး မတ်လ ၆ ရက်နေ့မှာ ဘေရွတ်မြို့တော်ကို အပြင်းအထန် ဗုံးကြဲခဲ့ပါတယ်။
အစ္စရေးက အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ် အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း စစ်ပွဲရဲ့ ပထမဆုံး သီတင်းပတ်မှာ ဖျက်ဆီးခဲ့ပြီးဖြစ်သလို ဒုံးကျည်ပစ်စင် ၆၀ ကျော်ကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အီရန်ရဲ့ ရေတပ်တစ်ခုလုံးနီးပါးကို ဖျက်ဆီးထားခဲ့ပြီးဖြစ်ကြောင်း အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို အီရန်ရဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဘာမှတ်ချက်မှ မပေးသေးပါဘူး။
မတ်လ ၆ ရက်နေ့မှာ အီရန် သမ္မတ ပက်ဇက်ရှ်ခန်းက နိုင်ငံတချို့ဟာ စစ်ရပ်စဲရေး ကြားဝင်စေ့စပ်ပေးဖို့ အားထုတ်မှုတွေ အစပြုနေပြီလို့ လူမှုကွန်ရက်ပေါ် ရေးသားခဲ့ပြီး အသေးစိတ် အချက်တွေနဲ့ အဲဒီနိုင်ငံတွေရဲ့ နာမည်တွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။ အီရန်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း အသိပေးလိုကြောင်း၊ အီရန်ဟာ ဒေသတစ်ခုလုံးရဲ့ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းမှုကို လိုလားကြောင်း၊ ဒါပေမဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာကို ထိပါးလာရင်လည်း လက်တုံ့ပြန်ဖို့ နည်းနည်းလေးတောင် နှောင့်နှေးမှာ မဟုတ်ကြောင်း သမ္မတက ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန် အစိုးရ အထူးကိုယ်စားလှယ် အီမာဆိဒ် အီရာဗာရင်က စစ်ပွဲကာလ တစ်ပတ်အတွင်း အီရန်မှာ အရပ်သားပြည်သူ ၁၃၃၂ ဦး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ မတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတ ထရမ့်နဲ့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့ဟာ စစ်ပွဲရဲ့ လိုအပ်ချက်ကြောင့် စစ်လက်နက်တွေ ထုတ်လုပ်နိုင်စွမ်းကို အရှိန်မြှင့်တင်ဖို့အတွက် အဓိက ကာကွယ်ရေး ကန်ထရိုက် ကုမ္ပဏီတွေနဲ့ တွေ့ဆုံမယ်လို့လည်း အိမ်ဖြူတော်က အတည်ပြုထားပါတယ်။ အစောပိုင်းမှာ ထရမ့်က အမေရိကန်ဟာ စစ်ပွဲကို ထာဝရ တိုက်ခိုက်နေရမယ် ဆိုရင်တောင် ဖူလုံတဲ့ လက်နက်ခဲယမ်း ပမာဏမျိုး အပိုဆောင်း သိုလှောင် သိမ်းဆည်းထားကြောင်း ပြောကြားထားပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – EPA, Getty Images
#ထရမ့်
#အီရန်စစ်ပွဲ
#အမေရိကန်