BREAKING NEWS ■ စစ်တွေဆေးရုံ လက်နက်ကြီးကျရောက် ပေါက်ကွဲ၊ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေ

BREAKING NEWS
■ စစ်တွေဆေးရုံ လက်နက်ကြီးကျရောက် ပေါက်ကွဲ၊ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေ
Western News| မတ် ၇
ရခိုင်ပြည်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးရုံ ငှက်ဖျားဆောင် အနီးနှင့် အရေးပေါ်လူနာဆောင်အနီးကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မတ် ၇ ရက်နေ့ ယနေ့အာရုံတက်ချိန်တွင် စစ်တွေပြည်သူ့ဆေးရုံအတွင်း ပစ္စည်းများ သိုလှောင်ခန်းထဲကို ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ကနဦး ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်း စစ်တွေမြို့ခံတစ်ဦး ကပြောသည်။
အဆိုပါ လက်နက်ကြီးသည် ဆေးရုံအတွင်း ငှက်ဖျားဆောင် အနီးနှင့် အရေးပေါ်လူနာဆောင်အနီးက သိုလှောင်ရုံကို ကျရောက် ပေါက်ကွဲခြင်း ဖြစ်ပြီး ကနဦး ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“နံနက်ပိုင်းက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးလို့ ပြောတယ်။ ဆေးရုံအတွင်း ငှက်ဖျားဆောင် အနီးနဲ့ အရေးပေါ်လူနာဆောင်အနီးက သိုလှောင်ရုံကို ကျရောက် ပေါက်ကွဲတာပါ။ ကနဦး သိရသလောက် ထိခိုက် ဒဏ်ရာ ရရှိတာ မရှိဘူးလို့ သိရတယ်။ မီးသတ်ကားတွေ တစ်လျှောက်ပဲ သွားကြတယ်။ ဘယ်က ပစ်လိုက်လို့ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဆိုတာ ကျွန်မတို့လည်း မသိဘူး။ ဒီကနေ့ နံနက်ပိုင်းကတော့ လေယာဉ်ကွင်းမှာ ရှိတဲ့ တပ်စခန်းက လက်နက်ကြီးနဲ့ သုံးလုံးပစ်တယ်။ အဲ့ဒီမှာ စစ်တပ်က လက်နက်ကြီး အထိုင်ချထားတာပါ”ဟုပြောသည်။
မတ် ၆ရက် ညနေပိုင်းက စစ်တွေရွှေမင်းဂံ ဆိပ်ကမ်းအနီးမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA နှစ်ဖက်တိုက်ပွဲများ ပြင်းထန် ဖြစ်ခဲ့ပြီး ညပိုင်းတွင် ဂျက်တိုက်လေယာဉ်တစ်စီးနှင့် ဗုံးနှစ်လုံး ကြဲချခဲ့ကြောင်း သိရသည်။
ယမန်နေ့က ဖြစ်စဉ်တွင် စစ်တွေ ဒကစ စစ်ကောင်စီတပ်ရင်းကလည်း လက်နက်ကြီးဖြင့် ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များဘက်ကို ပစ်ခတ်ခဲ့ကြောင်း စစ်တွေမြို့ခံများက Western News ကို ပြောသည်။
ဆက်ရိုးကျတံတားအနီးတွင် နေထိုင်သည့် အသက် ၄၆နှစ်ရွယ် အမျိုးသမီးတစ်ဦးက “မနေ့က စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်း အတွဲလိုက် ဒုံးတွေနဲ့ ပေါက်တောဘက်တွေရော၊ ပုဏ္ဏားကျွန်းဘက်တွေရော တောက်လျှောက် ပစ်ခတ်တယ်။ ဒီမတိုင်ခင်မှာ နှစ်ဖက် လက်နက်ကြီးတွေ လက်နက်ငယ်တွေက ရွှေမင်းဂံ ဆိပ်ကမ်းအနီးက ကြားနေရတယ်။ သိပ်မကြာဘူး။ ဂျက်တိုက်လေယာဉ် နှစ်စီးက စစ်တွေအနီးကို လာပြီးတော့ ပစ်ခတ်လာတယ်”ဟုပြောသည်။
အမှတ် ၁၂ ရဲတပ်ရင်း သည် စစ်တွေမြို့ မင်းဂံ ဝါးဆိပ်ကမ်းအနီးတွင် တည်ရှိပြီး ယင်းရဲတပ်ထဲတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းနေထိုင်ကာ မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင် စစ်တွေမြို့ခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မြောက်ဘက်ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်နှင့် ဇော်မဒက် ကျေးရွာအနီးရှိ တပ်စခန်းအချို့ကို အာရက္ခတပ်တာ် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များ ကပြောသည်။
စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်နှင့် ဇော်မဒက် ကျေးရွာအနီးရှိ တပ်စခန်းအချို့ကို အာရက္ခတပ်တာ် AA က သိမ်းပိုက်လိုက်ပြီးဟု သတင်းများထွက်ပေါ်နေသော်လည်း Western News က သီးခြား အတည်ပြု၍ မရရှိသေးပေ။
လက်ရှိတွင် စစ်တွေ ပင်လယ်ပြင်တွင် စစ်ကောင်စီ နေဗီ ၈ စင်းအထိ ရောက်ရှိနေပြီး ထိုနေဗီများက လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများကို ပစ်ကူပေးနေကြောင်း စစ်တွေ့မြို့ခံများက ပြောသည်။
ရွှေမင်းဂံချောင်း၏ တောင်ဘက် စစ်တွေဘက်ခြမ်းတွင် စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်နှင့်အတူ တပ်စခန်းများရှိပြီး ယခုတိုက်ပွဲဖြစ်နေသော ရွှေမင်းဂံရေတပ်က စစ်တွေမြို့နှင့်ဆိုပါက ၁ မိုင်ကျော်သာ ဝေးတော့သည်။
#Western #News #WN #စစ်တွေဆေးရုံ #အတွင်း #လက်နက်ကြီး #ကျရောက် #ပေါက်ကွဲ #ရဲတပ်ရင်း၊ #ဒကစ၊ #လေဆိပ်တပ်ရင်းများက #လက်နက်ကြီးများဖြင့် #ပစ်ခတ်