အရှေ့အလယ်ပိုင်းအရေးတွင် အကြမ်းဖက် မြန်မာစစ်တပ်က အမေရိကန်နှင့်အစ္စရေးတို့ကို နာမည်တပ် မဝေဖန်ရဲဘဲ လွန်စွာစိုးရိမ်ပူပန်ဟုသာ ထုတ်ပြန် ကြေညာ

အရှေ့အလယ်ပိုင်းအရေးတွင် အကြမ်းဖက် မြန်မာစစ်တပ်က အမေရိကန်နှင့်အစ္စရေးတို့ကို နာမည်တပ် မဝေဖန်ရဲဘဲ လွန်စွာစိုးရိမ်ပူပန်ဟုသာ ထုတ်ပြန် ကြေညာ
ရန်ကုန်၊ မတ် ၇
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့်ပတ်သက်၍ အကြမ်းဖက် မြန်မာစစ် တပ်က အမေရိကန်နှင့်အစ္စရေးကို နာမည်တပ် ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်း မလုပ်ဆောင်ရဲဘဲ လွန်စွာစိုးရိမ်ပူပန်သာ ထုတ်ပြန်ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အမေရိကန်-အစ္စရေးနှင့်အီရန်တို့အကြား တိုက်ပွဲများ စတင်ခဲ့ပြီး ယင်းတိုက်ပွဲများနှင့်ပတ်သက်၍ မြန်မာစစ်တပ်က မဟာမိတ်ဖြစ်သော အီရန်၊ တရုတ်နှင့် ရုရှားတို့ကဲ့သို့ အမေရိကန်နှင့်အစ္စရေးကို နာမည်တပ်မဝေဖန်ရဲဘဲ အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်းသာ ထုတ်ဖော်ပြောဆိုသည်။
ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အခြေခံပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုသည်သာ ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများအတွင်း ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေးစားလိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့်တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းထားသည်။
မြန်မာအကြမ်းဖက်စစ်တပ်က လက်ရှိ တိုက်ပွဲတွင် အဓိက တိုက်ခိုက်နေသော အီရန်နိုင်ငံနှင့် ဆက်ဆံရေး တည်ဆောက်ထူထောင်ထားပြီး အီရန်နိုင်ငံမှ လေယာဉ်ဆီများကို လျှို့ ဝှက် ဝယ်ယူခဲ့ကြောင်း ရိုက်တာသတင်းဌာနက ထုတ်ဖော်ခဲ့သည်။
နိုင်ငံတကာအရေးအခင်းများတွင် မြန်မာစစ်တပ်က မဟာမိတ်ဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ရပ်တည်ချက်အတိုင်း လိုက်ပါရပ်တည်ကာ ဝေဖန်မှုများ လုပ်ဆောင်လေ့ရှိသော် လည်း အမေရိကန်နှင့် အစ္စရေးတို့ ပါဝင်ပတ်သက်နေသည့် အီရန်စစ်ပွဲတွင်မူ မည်သည့်နိုင်ငံကိုမှ နာမည်ဖော်ပြခြင်းမရှိဘဲ စိုးရိမ်ပူပန်ကြောင်းကိုသာ အဓိက ထုတ်ဖော် ပြောဆိုလာခြင်းဖြစ်သည်။