အရန်စက်သုံးဆီ ရက် ၄၀ စာ ကျန်သေးဟုဆို

အရန်စက်သုံးဆီ ရက် ၄၀ စာ ကျန်သေးဟုဆို
ဧရာဝတီ၊ မတ် ၄၊ ၂၀၂၆
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် လောင်စာဆီပြတ်လပ်မည့်အပေါ် ပြည်သူလူထု စိုးရိမ်နေချိန် မြန်မာနိုင်ငံ၏ အရန်စက်သုံးဆီမှာ ရက် ၄၀ စာရှိပြီး စက်သုံးဆီတင်သင်္ဘောများလည်း ထပ်မံဆိုက်ကပ်မည်ဟု စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယမန်နေ့က ထုတ်ပြန်ခဲ့သည့် စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၌ အရန်စက် သုံးဆီမရှိခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ရေရှည်ဖြစ်လာမည့် အခြေအနေများကို တွက်ဆထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလံသန်း ၆၀ နှင့် ဒီဇယ်ဆီဂါလံသန်း ၇၀ နီးပါး စုပုံထားပြီးဖြစ်၍ အရန်စက်သုံးဆီမှာ ရက် ၄၀ ခန့်စာ ရှိသည့်အပြင် ဆိပ်ကမ်း၌ရောက်ရှိဆိုက်ကပ်ထားကာ မချရသေးသည့် စက်သုံးဆီတင်သင်္ဘော ၂ စင်းနှင့် ဝယ်ယူထားပြီး လမ်းတွင်ရောက်ရှိနေသော စက်သုံးဆီတင်သင်္ဘော ၁၄ စင်းလည်းရှိသည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် တရက် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ် ၁ ဒသမ ၇ သန်းဂါလံခန့်ရှိကာ တရက်လျှင် စက်သုံးဆီ ၃ ဒသမ ၂ သန်းဂါလံခန့် သုံးစွဲနေကြောင်း သိရသည်။
လက်ရှိတွင်မူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများ၌ စက်သုံးဆီ တန်းစီဝယ်ယူနေရပြီး အချို့မြို့များတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း မြို့ခံများက ဆိုသည်။