စစ်​ကောင်စီရဲ့ ရဲချုပ်ကိုကျားဖြန့်အမှုနဲ့ တရုတ်ဖမ်းခိုင်း

စစ်​ကောင်စီရဲ့ ရဲချုပ်ကိုကျားဖြန့်အမှုနဲ့
တရုတ်ဖမ်းခိုင်း
မတ်-၄၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်​ကောင်စီလက်​အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စမှာ အဓိကတရားခံအဖြစ် တရုတ်အစိုးရကနေ ဖမ်းခိုင်းတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်အချို့က‌ပြောပါတယ်။
“ရဲချုပ် အဖမ်းခံထိတဲ့သတင်းမှန်ပါတယ်။သူ့နေ
ရာမှာ လက်ရှိ ဒုရဲချုပ်က ဝာာဝန်လွှဲယူထားတယ်။ တရုတ်က လှမ်းဖိအားပေးတာလည်း မှန်ပါတယ်” လို့ ရဲမှူးကြီးအဆင့်ရှိတဲ့ နေပြည်တော် သတင်းရင်းမြစ်ကပြောပါတယ်။
ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လက ကိုးကန့်တပ်MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
(ရမခ) ကျပြီးတဲ့နောက် ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲတပ်ဖွဲ့ ရဲချုပ် နီလင်းအောင်နေရာကို အစားထိုးဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
ရမခ ခုခံစစ်ကိုတိုက်ရိုက်ညွှန်ကြားခဲ့တဲ့အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့(ကစထ)မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို ရာထူးက ထုတ်ပယ်ပြီးရဲချုပ်နီလင်းအောင်ကို စစ်ကောင်စီကအစားထိုးခဲ့တာပါ။ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ အဲ့ဒီအချိန်က ဒုတိယရဲချုပ်(၁)ဖြစ်ပြီး ရဲချုပ်ရာထူးကို လွှဲပြောင်းယူခဲ့တာပါ။ ၁နှစ်ကျော်အကြာမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
စစ်​ကောင်စီရဲ့ ရဲတပ်ဖွဲ့မှာရဲချုပ်၊ ရဲချုပ်(၁)၊ရဲချုပ်
(၂)ဆိုပြီး ရဲချုပ်ရာထူး သုံးဦးပေးထားပါတယ်။ လက်ရှိမှာ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကရဲချုပ်၊ ရဲဗိုလ်ချုပ် ဝင်းဗိုလ်က ဒုတိယရဲချုပ်(၁)၊
ရဲဗိုလ်ချုပ် မျိုးမင်းထိုက်က ဒုတိယရဲချုပ်(၂)ဖြစ်ပါတယ်။ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို ဖမ်းဆီးပြီးနောက် ရဲဗိုလ်ချုပ် ဝင်းဗိုလ်က ရဲချုပ်တာဝန်ယူထားတယ်လို့ သိရပါတယ်။
တရုတ်အစိုးရအရင်ကလည်း စစ်​ကောင်စီရဲ့ ထိပ်ပိုင်းအရာရှိအချို့ကို ကျားဖြန့်အမှုတွေနဲ့ဆက်စပ်​နေတာ​ကြောင့်ဖမ်းဆီးဖို့ ဖိအားပေးခဲ့ဖူးပါတယ်။
အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ရဲ့ လူရင်းဖြစ်သလို ၊အာဏာအတူသိမ်းခဲ့တဲ့ပြည်ထဲရေးဝန်ကြီးအဖြစ်နေရာပေးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့လည်းကျားဖြန့်​တွေမှာပါဝင်လို့ဆိုပြီး တရုတ်အစိုးရက အ​ရေးယူခိုင်းတာ​ကြောင့်ဖမ်းဆီး​ထောင်ချခဲ့ပါတယ် ။
ဒါ့အပြင်ကျားဖြန့်လုပ်တယ်ဆိုပြီး တရုတ်ကအလိုရှိခဲ့တဲ့ စစ်တပ်သစ္စာခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနဲ့ မိသားစုကို လည်း စစ်​တပ်ကဖမ်းဆီးပြီးတရုတ်လက်ထဲကိုအပ်ခဲ့ပါတယ် ။ဒါအပြင် ကျားဖြန့်နဲ့ဆက်စပ်တဲ့ စစ်ဗိုလ်ချုပ်​တွေက ထပ်ကာ ထပ်ကာ ​ပေါ်​နေပြီး တရုတ်အစိုးရကဖမ်းဆီးခိုင်းတိုင်း စစ်​ကောင်စီကလည်းဖမ်းဆီး​နေတာဖြစ်ပါတယ် ။
တရုတ်ဖိအားကြောင့် စစ်ဗိုလ်ချုပ်တချို့ကို စစ်ကောင်စီကပြန်လည်ဖမ်းဆီးခဲ့​ပေမယ့် သတင်းထုတ်ပြန်ခြင်းမရှိခဲ့သလို အခုတကြိမ်မှာလည်း ရဲချုပ်နဲ့ပတ်သက်တဲ့သတင်းလည်းမထုတ်ပြန်သေးပါဘူး။
မြန်မာအပါအဝင်အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေကို အရေးယူမှုအရှိန်မြှင့်မယ်လို့ အမေရိကန်က ​ဖေ​ဖော်ဝါရီလမှာထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရကလည်း ဒီလပိုင်းမှာကျားဖြန့်အရေးအတွက် စစ်ကောင်စီကိုပိုပြီး ဖိအားပေးနေတယ်လို့သိရပါတယ်။အရှေ့တောင်အာရှဒေသတွင်းက ကျားဖြန့်ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ အမေရိကန်က ဦးဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖက်ဒရယ်ထောက်လှမ်းရေး အေဂျင်စီ (FBI)ကဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာမှ ကျားဖြန့်အပါအဝင်ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့နဲ့ လူကုန်ကူး ခံရသူတွေကို ကယ်တင်ဖို့ ၊လိမ်လည်ခံရသူတွေရဲ့ ငွေကြေးပြန်လည်ရရှိဖို့ နိုင်ငံတကာအနေနဲ့ အရှိန်မြင့်ကြိုးပမ်းဖို့ အမျိုး
သားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလ ၁၅ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်။
မြန်မာစစ်အုပ်စုနဲ့ ၎င်းတို့ကွပ်ကဲမှုအောက်က နယ်
ခြားစောင့်တပ်တွေ၊ မဟာမိတ် ပြည်သူ့စစ်အဖွဲ့တွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေဟာ ကျားဖြန့်လိမ်လည်မှုတွေကနေ အကျိုးခံစားခွင့်တွေ ရနေတယ်လို့အသိပေးထားပါတယ်။ကျားဖြန့်ဂိုဏ်းတွေကိုနှိမ်နင်းရေးအတွက် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံ‌တွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအားလုံးရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထား အရေးယူဖို့လည်း NUGကတောင်းဆိုထားပါတယ်။
(စစ်​ကောင်စီရဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး။ဓါတ်ပုံ-MRTV )