အီရန်ခေါင်းဆောင်ပိုင်းအများစုသေဆုံးပြီး အီရန်ရေတပ်နှင့် လေတပ်ဖျက်ဆီးခံရပြီဟု ထရမ့်ပ်ပြော

အီရန်ခေါင်းဆောင်ပိုင်းအများစုသေဆုံးပြီး အီရန်ရေတပ်နှင့် လေတပ်ဖျက်ဆီးခံရပြီဟု ထရမ့်ပ်ပြော
DVB
အီရန်အတွက် အနာဂတ်ခေါင်းဆောင်တွေအဖြစ် သူယူဆခဲ့တဲ့ လူအများစုက အခု သေကုန်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၃ ရက်မှာ ပြောပါတယ်။
နိုင်ငံရဲ့ စစ်ရေးတင်းမာမှုတွေနဲ့ ပြည်တွင်းအာဏာ အလွှဲအပြောင်းတွေ မြင့်တက်လာပြီးတဲ့နောက် အမေရိကန်အစိုးရက အီရန်အပေါ် သူ့ရဲ့ မဟာဗျူဟာကို ဆက်ချိန်ဆနေချိန်မှာ ခုလိုမှတ်ချက်တွေ ထွက်လာတာပါ။
အမေရိကန်အစိုးရက အီရန်ရဲ့ လေတပ်နဲ့ ရေတပ်ကို အောင်အောင်မြင်မြင် ချေမှုန်းနိုင်ခဲ့တယ်လို့ လည်း ထရမ့်ပ်က ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ်မားဇ်နဲ့ အိမ်ဖြူတော်မှာ မတွေ့မီ သတင်းစာ ရှင်းလင်းပွဲတခုအတွင်း ပြောခဲ့ပါတယ်။
အီရန်အစိုးရက အမေရိကန်အစိုးရကို အရင်တိုက်လိမ့်မယ်လို့ ခံစားရလို့ အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့တာလို့လည်း ထရမ့်ပ်က ပြောပါတယ်။
“သူတို့မှာ ရေတပ်မရှိဘူး။ ဖျက်ဆီးခံလိုက်ရပြီ။ လေတပ်မရှိဘူး။ ဖျက်ဆီးခံလိုက်ရပြီ။ လေကြောင်း ထောက်လှမ်းမှု မရှိဘူး။ အဲဒါလည်း ဖျက်ဆီးခံလိုက်ရပြီ”လို့ ထရမ့်ပ်က ပြောပါတယ်။
အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီး ပင်လယ်ကွေ့ဒေသတဝန်းက အမေရိကန်နဲ့ မဟာမိတ်ပစ်မှတ်တွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ဆက်ပြီး လက်စားချေတိုက်ခိုက်နေချိန်မှာ ထရမ့်ပ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။
အရှေ့အလယ်ပိုင်းမှာ အီရန်က လက်စားချေတဲ့အနေနဲ့ ဒရုန်းနဲ့ တိုက်ခိုက်နေလို့ အမေရိကန်က ဆော်ဒီအာရေဗျ၊ ကူဝိတ်နဲ့ ဘေရွတ်က သံရုံးတွေကို ပိတ်လိုက်ပါတယ်။
ဒေသတွင်းက အမေရိကန် နိုင်ငံသားတွေကို “အခုထွက်ခွာဖို့” တိုက်တွန်းခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံ ၆ နိုင်ငံက အရေးပေါ်မဟုတ်တဲ့ ဝန်ထမ်းတွေကို နိုင်ငံတွေထဲကနေ ထွက်ခွာသွားဖို့ အမိန့်ပေးခဲ့ပါတယ်။
အမေရိကန်-အစ္စရေးတို့ အီရန်အပေါ် တိုက်ခိုက်မှု စတုတ္ထမြောက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တုပုံရိပ် တွေထဲမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီး အယာတိုလာ အလီခါမေနီရဲ့ နေအိမ် မပျက်စီးမီနဲ့ ပျက်စီးပြီးနောက် ပုံတွေကို ပြထားပါတယ်။
ပုံတွေထဲမှာ အီရန်မြို့တော် တီဟီရန်က တရားစီရင်ရေး အဆောက်အအုံ၊ ထောက်လှမ်းရေး ဝန်ကြီးဌာန၊ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ တော်လှန်ရေး တရားရုံးတွေ အပါအဝင် နေရာအမျိုးမျိုးကိုလည်း ပြထားပါတယ်။
အစ္စရေးနဲ့ အမေရိကန်တပ်ဖွဲ့တွေက အင်္ဂါနေ့မှာ အီရန်တဝန်းက ပစ်မှတ်တွေကို ပစ်ခတ်ခဲ့ပြီး ပဋိပက္ခက လက်ဘနွန်ဆီ ပျံ့နှံ့သွားခဲ့တာပါ။ စစ်ပွဲကြောင့် ကမ္ဘာ့ဈေးကွက်တွေ လှုပ်ခါခဲ့ပြီး ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။
#DVB #အီရန်ရေတပ် #လေတပ်