ကာကွယ်​ရေးဦးစီးချုပ်(ကြည်း)ရာထူး အ​ပြောင်း အလဲ​ကြောင့် တပ်တွင်းမ​​ကျေလည်မှုရှိ​နေ

ကာကွယ်​ရေးဦးစီးချုပ်(ကြည်း)ရာထူး အ​ပြောင်း
အလဲ​ကြောင့် တပ်တွင်းမ​​ကျေလည်မှုရှိ​နေ
မတ်-၄၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့လူယုံဖြစ်တဲ့ စစ်ဘက်လုံခြုံရေးအရာရှိချုပ်(စရဖ) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ် ခန့်အပ်လိုက်ပြီး တပ်တွင်း မကျေလည်မှုတွေ ရှိ နေတယ်လို့ သတင်းရရှိပါတယ်။
လက်ရှိဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ရာထူးကို စစ်ခေါင်းဆောင်က ရုပ်သိမ်းပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။
“သူ့( စစ်ခေါင်းဆောင်)ကိုသစ္စာခံမယ့်သူကို
သူ ရွေးနေတာပါ။ သေချာတာက တပ်ချုပ်အ
ပြောင်းအလဲဖြစ်လာမှာပါ။သူ့လိုလူပဲလာမှာပါ။ ပြောရရင် အဆင်မပြေတာတွေ အများကြီးပါ။
သူ့ကြောင့် အများစု ဘဝပျက်တာပါပဲ” လို့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာဝန်ကျနေတဲ့ စစ်တပ်အရာရှိရဲ့မိသားစုတစ်ဦးကပြောပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ သားဖြစ်သူကို ဟန်ပြ စစ်မှုထမ်းခိုင်းခဲ့သူဖြစ်သလို ၊အာဏာသိမ်းခေါင်းဆောင်ရဲ့ ယုံကြည်မှု ရရှိထားပြီး ပြည်တွင်းပြည်ပခရီးစဥ်အများစု အတူလိုက်ပါ​ခွင့်ရသူတဦးဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုတိယတပ်မ
တော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနဲဲ့ကာကွယ်
ရေးဦးစီးချုပ် (ကြည်း)ရာထူး ပူးတွဲကိုင်တွယ်ထားရာက‌နေ အခုအခါမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသာလက်ဝယ်ရှိတော့မှာဖြစ်ပါတယ်။ အာဏာသိမ်း​ခေါင်း​ဆောင်က အရင်ကတည်းက ဒုချုပ် အ​ပေါ် မယုံကြည်ဘူးလို့ သတင်း​တွေထွက်ခဲ့​ပေမယ့် အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ကက(ကြည်း) ရာထူးကို တရားဝင်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ မူလရာထူးဖြစ်တဲ့ စစ်ဘက်လုံခြုံရေးအရာရှိချုပ်အဖြစ် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို ခန့်အပ်လိုက်သလို အလယ်ပိုင်းတိုင်းစစ်ဌာ
နချုပ်အပါအဝင် တိုင်းမှူးအချို့ကိုလည်း
ရာထူးဌာနအပြောင်းအရွှေ့တွေ လုပ်ခဲ့ပါတယ်။
စစ်​ကောင်စီက မကြာမီ စစ်တပ် စိတ်တိုင်းကျစီစဥ်ထားတဲ့ ​ရွေး​ကောက်ပွဲ​နောက်ဆက်တွဲ လွှတ်တော်ခေါ်မယ်လို့ ပြောထားပါတယ် ။စစ်တပ်လွှတ်​တော်​ခေါ်ပြီး အစိုးရအဖွဲ့ ​ထပ်​ကြေညာတဲ့အခါ အာဏာသိမ်း​ခေါင်း​ဆောင်က သမ္မတနေရာယူမှာမို့ စစ်တပ်ထိပ်ပိုင်းက သူ့လူယုံတွေကို စိတ်ကြိုက်နေရာချနေတာလို့ နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်နေကြပါတယ်။
(အာဏာသိမ်း​ခေါင်း​ဆောင် ၊ဒု​​ခေါင်း​ဆောင် နဲ့
ကာကွယ်​ရေးဦးစီးချုပ်(ကြည်း)ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ။ဓါတ်ပုံ-စစ်​ကောင်စီ)