အီရန်ပြီးနောက် အီကွေဒေါ – အကြမ်းဖက်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန်က စစ်မျက်နှာသစ် ထပ်မံဖွင့်လှစ်

အီရန်ပြီးနောက် အီကွေဒေါ – အကြမ်းဖက်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန်က စစ်မျက်နှာသစ် ထပ်မံဖွင့်လှစ်
4 Mar 2026 By MPA

အမေရိကန်ပြည်ထောင်စုသည် အရှေ့အလယ်ပိုင်းတွင် အီရန်နှင့် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာပင် တောင်အမေရိကတိုက်ရှိ အီကွေဒေါနိုင်ငံအတွင်း အခြေစိုက်သည့် အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းရန်အတွက် စစ်မျက်နှာသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ကြောင်း အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (U.S. Southern Command – SOUTHCOM) က ထုတ်ပြန်ကြေညာလိုက်သည်။
ယမန်နေ့( မတ်လ ၃ ရက်)က စတင်ခဲ့သည့် ယခုစစ်ဆင်ရေးသည် အီကွေဒေါနိုင်ငံအတွင်းရှိ သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းများ (Designated Terrorist Organizations) ကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးတွင် အမေရိကန်တပ်မတော်သည် အီကွေဒေါအစိုးရတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နည်းပညာနှင့် စစ်ရေးအင်အားကို အသုံးပြုကာ တိုက်ခိုက်သွားမည်ဖြစ်သည်။
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) ၏ ထုတ်ပြန်ချက်အရ ယခုလုပ်ရပ်သည် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသအတွင်းရှိ မဟာမိတ်နိုင်ငံများအနေဖြင့် မူးယစ်-အကြမ်းဖက်ဝါဒ (Narco-terrorism) ကို စုပေါင်းတိုက်ဖျက်ရန် မည်မျှအလေးအနက်ထားရှိကြောင်း ပြသသည့် အားကောင်းသော စံနမူနာတစ်ခုဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မူးယစ်-အကြမ်းဖက်ဂိုဏ်းများသည် ဒေသတွင်းရှိ နိုင်ငံသားများအပေါ် အကြောက်တရား၊ အကြမ်းဖက်မှုနှင့် အဂတိလိုက်စားမှုများကို အချိန်ကြာမြင့်စွာ ကျူးလွန်ခဲ့ကြသူများဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်၏ တပ်မှူး၊ မရိန်းဗိုလ်ချုပ်ကြီး ဖရန်စစ် အယ်လ် ဒိုနိုဗန် (Marine Gen. Francis L. Donovan) က “မိမိတို့နိုင်ငံအတွင်းရှိ မူးယစ်-အကြမ်းဖက်သမားများကို ရဲရင့်ပြတ်သားစွာ ဆက်တိုက်အရေးယူ ဆောင်ရွက်နေသည့် အီကွေဒေါ တပ်မတော်သားများကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုပါသည်” ဟု ပြောကြားခဲ့ပြီး အဆိုပါအဖွဲ့များကို နှိမ်နင်းရန်အတွက် အမေရိကန်အနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
#အီကွေဒေါ #အကြမ်းဖက်ဂိုဏ်းများ #အမေရိကန် #စစ်မျက်နှာသစ် #MPA