ရည်မှန်းချက်အားလုံး အောင်မြင်သည်အထိ အီရန်ကို တိုက်မည်ဟု ထရမ့်ပ် ကြွေးကြော်
DVB
ရည်မှန်းချက်အားလုံး အောင်မြင်တဲ့အထိ အီရန်မှာ စစ်ဆင်ရေးတွေ ဆက်လုပ်သွားမှာဖြစ်ပြီး အမေရိကန်အသေအပျောက်လည်း အခုထက် ပိုများလာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ထရမ့်ပ်က “ရည်မှန်းချက် မပြည့်မချင်း အင်အားအပြည့်နဲ့ ဆက်တိုက်မှာဖြစ်ပြီး စိတ်မကောင်းပေမဲ့ အသေအပျောက်တွေ ဆက်ရှိလာနိုင်တယ်၊ ဒါက ဒီလိုပဲ” လို့ ပြောပါတယ်။
တာဝန်ထမ်းဆောင်နေချိန် အမေရိကန်စစ်သည် ၃ ယောက်သေဆုံးပြီး ၅ ယောက် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
ကျဆုံးစစ်သည်တွေအတွက် “အမေရိက က လက်တုံ့ပြန်သွားမှာဖြစ်ပြီး လူ့ယဉ်ကျေးမှုတရပ်လုံး အပေါ် စစ်ဆင်နွှဲတဲ့ အကြမ်းဖက်သမားတွေကို အပြင်းထန်ဆုံး ထိုးနှက်တိုက်ခိုက်သွားမယ်”လို့ ထရမ့်ပ်က ဆိုပါတယ်။
တဖက်မှာလည်း အီရန်ဘာသာရေးခေါင်းဆောင်ကြီး အလီခါမေနီ အသတ်ခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့က အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း မတ် ၂ ရက်မှာ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေ ထိန်းချုပ်ထားတဲ့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးတွေကို လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
အီရန်မှာ စာသင်ကျောင်းတကျောင်း တိုက်ခိုက်ခံရလို့ ကလေးငယ်တွေ အပါအဝင် လူ ၁၅၃ ယောက် သေဆုံးခဲ့သလို အစ္စရေးနိုင်ငံမှာလည်း ဒုံးကျည်ထိမှန်လို့ ၉ ယောက် သေဆုံးခဲ့ပါတယ်။
#အမေရိကန် #အီရန် #စစ်ပွဲ #ထရမ့်ပ် #dvb