ခန့်စည်သူ၊ ရဲအောင်နှင့် မြင့်မြတ် အပါအဝင် စစ်တပ် ဝါဒဖြန့်ချိပေးသူများကို စစ်ခေါင်းဆောင်က ဘွဲ့တံဆိပ်ပေး

ခန့်စည်သူ၊ ရဲအောင်နှင့် မြင့်မြတ် အပါအဝင် စစ်တပ် ဝါဒဖြန့်ချိပေးသူများကို စစ်ခေါင်းဆောင်က ဘွဲ့တံဆိပ်ပေး
DVB
စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ ကြံ့ခိုင်ရေး သတင်းထောက်တွေကို ဒီကနေ့ မတ် ၂ ရက်မှာ စစ်ခေါင်းဆောင်က အလင်္ကာကျော်စွာဘွဲ့၊ အနုပညာထူးချွန်ဆုနဲ့ လူမှုထူးချွန်ဆုတွေ ပေးအပ်ခဲ့ပါတယ်။
စစ်တပ် ဝါဒဖြန့်ချိရေးဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ခန့်စည်သူကို အလင်္ကာကျော်စွာဘွဲ့ ပေးခဲ့သလို ရဲအောင်၊ မြင့်မြတ်၊ အောင်ခိုင်တို့ကို အနုပညာထူးချွန်ဆု ပထမအဆင့်၊ ရွေးကောက်ပွဲအတွက် သီချင်းသီဆိုပေးခဲ့တဲ့ ထူးအယ်လင်း၊ Lဆိုင်းဇီ၊ နီနီခင်ဇော်နဲ့ စိုးစန္ဒာထွန်းတို့ကို အနုပညာထူးချွန် ဒုတိယအဆင့် ပေးခဲ့ပါတယ်။
စစ်ကောင်စီအတွက် ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့်ချိပေးနေသူတွေကို ဘွဲ့တံဆိပ်တွေပေးဖို့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့က ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင်တဲ့ ၁၂ ဦး ကော်မတီက ရွေးချယ်စိစစ်ပေးခဲ့တာ ဖြစ်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဒီနေ့ပေးတဲ့သူတွေ အားလုံးကို ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင်တဲ့ Information Sheet အဖွဲ့က ထောက်ခံပေးတာပါ။ ပြောရရင် သူတို့ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းတဲ့ သဘောပါ။ အခုပေးတဲ့သူတွေ အားလုံးက စစ်ကားတွေ၊ ရွေးကောက်ပွဲဇာတ်လမ်းတွေ၊ သီချင်းတွေမှာ ပါဝင်သူတွေချည်းပဲ။ ကြံ့ခိုင်ရေးသတင်းထောက်တွေကို စိတ်ဓာတ်စစ်ဆင်ရေးက ဒုညွှန်မှူး ဗိုလ်မှူးချုပ်စံညိုဝင်းက ထောက်ခံပေးတာ။”
ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေး၊ တေဇာကျော်၊ ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုးနဲ့ စစ်တပ်လော်ဘီ မိုးဟိန်း တို့ကို လူမှုထူးချွန်ဆု ပထမအဆင့်ကို ပေးခဲ့ပါတယ်။
လူမှုထူးချွန်ဆု ဒုတိယအဆင့်ကို ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ငှက်ပျောကြော်၊ သွက်လက်၊ စူပါလင်းနဲ့ ကြံ့ခိုင်ရေးသတင်းထောက်တွေ ဖြစ်တဲ့ ကျော်စိုးဦး၊ နောင်တော်လေး၊ သဇင်ဦး၊ အောင်မင်း၊ အွန်လိုင်းဝဏ္ဏ၊ အောင်မိုးကျော်၊ ထူးမောင်မောင်နဲ့ ခက်နှင်းဆု တို့ကို ပေးခဲ့ပါတယ်။
အလားတူ စစ်တပ်ဝါဒဖြန့်ချိရေးဇာတ်ကားမှာ ပါဝင်တဲ့ ခင်လှိုင်၊ ဆင်မ၊ နေထူးနိုင်၊ စိုးသီဟ၊ နက္ခတ်၊ ဇော်ဝင်းနိုင်(မန်း)၊ J fire၊ မနော၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ ဝိုင်းလမင်းအောင်၊ မေ့ချစ်သက် တို့ကိုလည်း ပေးခဲ့ပါတယ်။
စစ်ခေါင်းဆောင်က ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သတင်းအမှောင်ချဖို့အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင်တဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။=
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အာဏာသက်ဆိုးရှည်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့်ပေးခဲ့ကြတဲ့ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်တွေကို နှစ်စဥ် စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့နဲ့ လူမှုထူးချွန်ဆုတွေကို ပေးခဲ့တာ ဖြစ်ပါတယ်။
#DVB #စစ်ကောင်စီ #အနုပညာထူးချွန်ဆု #လူမှုထူးချွန်ဆု #အလင်္ကာကျော်စွာဘွဲ့