Breaking News- အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ၊ ရက်ပေါင်း ၄၀ ကြာ ဝမ်းနည်းပူဆွေးမှု ကာလအဖြစ် သတ်မှတ်
ရန်ကုန်၊ မတ် ၁

အမေရိကန်နှင့် အစ္စရေးတို့၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံ၏ အာဏာရှင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
ယမန်နေ့ အီရန်နိုင်ငံ၊ တဟီရန်မြို့ရှိ နေအိမ်ဝင်းအတွင်း ရှိနေစဉ် တိုက်ခိုက်ခံခဲ့ရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အီရန်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ခါမေနီ၏ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အဆိုပါ ဗုံးကျဲမှုအတွင်း ခါမေနီ၏ သမီး၊ သားမက် နှင့် မြေးဖြစ်သူ တို့ပါ အတူတကွ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို အဓိကပစ်မှတ်ထားသည့် “Operation Epic Fury” (အမေရိကန်) နှင့် “Operation Shield of Judah” (အစ္စရေး) စစ်ဆင်ရေးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ခါမေနီသေဆုံးမှုကို အတည်ပြုခဲ့ပြီး၊ ခါမေနီကို “သမိုင်းတွင် အဆိုးဝါးဆုံးပုဂ္ဂိုလ်တစ်ဦး” အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ခါမေနီသေဆုံးမှုသည် အီရန်ပြည်သူများအတွက် ၎င်းတို့နိုင်ငံကို ပြန်လည်ရယူရန် အကြီးမားဆုံးသော အခွင့် အရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံတစ်ဝန်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ပြန်လျက်ရှိသည်။
အီရန်နိုင်ငံ၏ အဆင့်မြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် အီရန်အစိုးရသည် နိုင်ငံတစ်ဝန်း ရက်ပေါင်း ၄၀ ကြာ ဝမ်းနည်းပူဆွေးမှု အထိမ်း အမှတ်ကာလ (Mourning Period) အဖြစ် သတ်မှတ်ကြောင်း အီရန်အစိုးရက ထုတ်ပြန်ကြေညာသည်။
အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း ၇ ရက်ကြာ အစိုးရရုံးပိတ်ရက်အဖြစ် ထုတ်ပြန်ကြေညာသည်။
အီရန်နိုင်ငံပိုင် မီဒီယာများသည် ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်းကိုသာ အတည်ပြုခဲ့ပြီး ၎င်းမည်သို့ မည်ပုံ သေဆုံးခဲ့သည်ဆိုသော အသေးစိတ် အခြေအနေများကိုမူ ယခုအချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ယခင်သတင်းများအရ ခါမေနီနှင့်အတူ ၎င်း၏ သမီး၊ သားမက်နှင့် မြေးဖြစ်သူတို့ပါ အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
အီရန်အစိုးရက ခါမေနီ သေဆုံးမှုအတွက် ကြီးကျယ်သော ဈာပနအခမ်းအနားကို ပြင်ဆင်နေပြီး၊ တစ်ဖက်တွင်လည်း အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် ဒေသတွင်း တင်းမာမှုများမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း လစ်ဟာသွားမှုကြောင့် နိုင်ငံ၏ အနာဂတ်အခြေအနေကို ကမ္ဘာက စောင့်ကြည့်လျက်ရှိသည်။