စစ်ကိုင်းမြို့တွင် ၄ ရက်အတွင်း လူငယ် ၂၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ချုပ်နှောင်ခံထားရ

စစ်ကိုင်းမြို့တွင် ၄ ရက်အတွင်း လူငယ် ၂၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ချုပ်နှောင်ခံထားရ
ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အချက်အချာကျသော နေရာများနှင့် ရပ်ကွက်များအတွင်းသို့ စစ်တပ် က ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းကာ လူငယ် ၂၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကိုင်းမြို့ပေါ်ရှိ လမ်းဆုံများ၊ ရထားဘူတာ၊ ကားဂိတ်၊ စစ်ကိုင်းတံတားဂိတ်၊ စစ်ကိုင်းနှာပေါက်နှင့် တပ်မ ၃၃ အနီးရှိ ရပ်ကွက်များအတွင်း စစ်တပ်က ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းသွားလမ်းလာများကို ပိတ်ဆို့ရှာဖွေခြင်းများ ပြုလုပ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက “စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးတာက ၄ ရက် ဆက်တိုက်ဆွဲတာ လူငယ် ၂၀၀ ကျော်လောက်ပါသွားတယ်။ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်ထဲတွေမှာ ဧည့်စာရင်းဆိုပြီး စစ်ဆေးပြီး လူငယ်တွေကို ဖမ်းဆီးသွားတာ။ ဖမ်းဆီးခံရသူတွေက အသက် ၂၅ နှစ်ကနေ ၃၅ နှစ်ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မပေးသလို ပိုက်ဆံနဲ့ ပြန်ရွေးလို့လည်း မရဘူး” ဟု ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်၏ ဖမ်းဆီးမှုခံထားရသည့် လူငယ်များကိုစစ်ကိုင်းတပ်မ ၃၃ မှတစ်ဆင့် ၁၀ ဘီးကားများ၊ သံပြားကာကားများနှင့် မိုးကာအုပ်တွဲကားများ အပါအဝင် ယာဉ်တန်းဖြင့် မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဒေသခံတစ်ဦးက”မနေ့က (ဖေဖော်ဝါရီ ၂၈) ညနေပိုင်းမှာ ၁၀ ဘီးကားကြီး ၁ စီး၊ သံပြားကာကား ၆ စီးနဲ့ အခြားယာဉ်တန်းတွေနဲ့ ဖမ်းထားတဲ့ လူငယ်တွေကို တင်ပြီး မုံရွာ နမခ ထဲကို ဝင်သွားတာ တွေ့ရတယ်” ဟု ပြောကြားသည်။
စစ်ကိုင်းမြို့တွင် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ပေါ်တာဆွဲခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိလည်း မြို့ပေါ်ရပ်ကွက်များနှင့် အလုပ်သွားအလုပ်ပြန် လူငယ် ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းမြို့အတွင်း စစ်တပ်၏ စစ်ဆေးမှုများ ပိုမိုတင်းကျပ် ဆိုးရွားနေပြီး လူငယ်များအနေဖြင့် သွားလာရခက်ခဲကာ စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က လာမည့် မတ်လအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၃ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။