ပုဂံကို အလည်အပတ်လာတဲ့ ရှေနေ့ အပါအဝင် လေးဦး ပျောက်ဆုံးနေ

ပုဂံကို အလည်အပတ်လာတဲ့ ရှေနေ့ အပါအဝင် လေးဦး ပျောက်ဆုံးနေ
ဖေဖော်ဝါရီ -၂၇ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။
ရန်ကုန်ကနေ ပုဂံကိုလာရောက်လည်ပတ်တဲ့ ရှေ့နေကိုကြည်ချမ်းငြိမ်း အပါအဝင် လေးဦးဟာ ဖေဖော်ဝါရီ ၁၅ ရက်ကစတင်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်အထိပျောက်ဆုံးနေတာပါ။
ဖေဖော်ဝါရီ ၁၄ ရက်မှာရှေ့နေကိုကြည်ချမ်းငြိမ်းဟာပုဂံကဟိုတယ်မှာ တည်းခိုခဲ့ပြီးနောက်ရက်မနက်ပိုင်းမှာအပြင်ထွက်သွားခဲ့ရာကနေ ဟိုတယ်ကိုပြန်ရောက်မလာဘဲပျောက်ဆုံးနေတာလို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူက ဆိုပါတယ်။
ဟိုတယ် Check Out မလုပ်ဘဲ ထွက်ခွာသွားတာဖြစ်ပြီး ခရီးဆောင်အိတ်တွေလည်းကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်မနက်ပိုင်းကဟိုတယ်ကနေ Toyata Alphard အမျိုးအစားကားနဲ့ ကိုကြည်ချမ်းငြိမ်း၊ ယာဉ်မောင်း နဲ့ အခြား နှစ်ဦးတို့ ထွက်ခွာသွားရာကနေ လေးဦးစလုံးပျောက်ဆုံးနေတာပါ။
ပုဂံ ၊ညောင်ဦးတဝိုက်မှာသတင်းအစအနကြားသိရရင်သတင်းပေးကြဖို့ ကိုကြည်ချမ်းငြိမ်းနဲ့နီးစပ်သူတွေကလူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ မေတ္တာ ရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးကဟိုတယ်တစ်ခုမှာ တည်းခို​နေတဲ့ ဇနီးမောင်နှံဟာ ပုပ္ပါးဘက်ကို ဆိုင်ကယ်နဲ့ သွားရောက်လည်ပတ်ရင်း ပျောက်ဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလအတွင်းမှာပဲ ပုဂံမြို့ဟောင်းအနီး ပုဂံ-ချောက်ကားလမ်းဘေး စေတနာကြီးဘုရားအနီးမှာ မိသားစုတစ်စု ပြန်ပေးဆွဲဖမ်းခံရပြီး ကျပ်သိန်းတစ်ထောင်ပေးပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – ဝီကီ